Monday, June 8, 2009

ဂျွန်လမကုန်မီ အပစ်ရပ်များထံမှ တရားဝင်အဖြေရဖို့ ဗိုလ်ချုပ်ကြီးရဲမြင့် အပြင်းအထန်ကြိုးစား

သျှမ်းသံတော်ဆင့် တနင်္လာနေ့၊ 08 ဇွန်လ 2009

တရုပ် နယ်စပ် အပစ်ရပ် အဖွဲ့များ နယ်ခြား စောင့်တပ် အသွင်ပြောင်း ရန် လက်မခံ နိုင်ကြောင်း မေလ နှောင်းပိုင်း က အကြောင်း ပြန်ပြီး နောက်ပိုင်း အပစ်ရပ် ခေါင်းဆောင်များ သဘော ထားအား ထပ်မံ ကျောသပ် ဖြောင်းဖြရန် ဗိုလ်ချုပ်ကြီး ရဲမြင့် နယ်လှည့် စည်းရုံး နေ သည် ဟုဆို သည်။

ယခုလ ၄ ရက်နေ့က ဗိုလ်ချုပ်ရဲမြင့်နှင့်အဖွဲ့ ကိုးကန့်မြို့တော် လောဝ်ကိုင်းသို့သွားပြီး ၅ ရက်နေ့ MNDAA ခေါင်းဆောင် ဦးဖှုန်ကြားရှင်း နှင့်တွေ့ဆုံခဲ့ကြောင်း၊ ၆ ရက်မှ ၇ ရက်နေ့အထိ UWSA ၀ ဒေသ ပန်ဆန်း၌ ညအိပ် ပြီး ၉ ရက်နေ့ NDAA – ESS မိုင်းလားသို့ရောက်ပြီး အထူးဒေသ ၄ ခေါင်းဆောင် ဦးစိုင်းလင်း နှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်းတရုပ် နယ်စပ် သတင်းရပ်ကွက် က ဆိုပါသည်။

“ပန်ဆန်းက ဘယ် ၀ ခေါင်းဆောင်ပိုင်းတွေ ဗိုလ်ချုပ်ရဲမြင့်ကို လက်ခံတွေ့ ဆုံတယ်၊ ဘာတွေပြောဆို ဆွေးနွေးတယ် ဆိုတာ မသိရပေမဲ့ ကိုးကန့်ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်ရဲမြင့်တွေ့တဲ့အချိန်မှာတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ပြောဆိုရာမှာ ဦးဖှုန်ကြားရှင်းက - ကျနော်တို့ အရင်အတိုင်းဘဲ ဆက်နေသွားရင်မကောင်းဘူးလား၊ ငြိမ်နေတဲ့ပျားအုံကို ဒုတ်နဲ့သွား ထိုးမိရင် ပျားထပြီး အခန့်မသင့်ရင် တုတ်တတ်တယ် - လို့ပြန်ပြောတော့ ဗိုလ်ချုပ်ရဲမြင့်ဒေါသ အရမ်းထွက် သွားတယ်ပြောတယ်” - ဟု အပစ်ရပ် ခေါင်းဆောင်များနှင့် ၀င်ဆန့်သည့် လားရှိုး ကုန်သည်တဦးက ဆိုသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်အတွက် မိုင်းလားအဖွဲ့က ဒေသခံလူထု နှင့် NDAA တပ်ဖွဲ့ဝင်အားလုံးထံမှ သဘော ထားကို ဂျွန်လ ၂ - ၆ ရက်နေ့အထိ ကောက်ယူရာ ၉၅ % က လက်မခံနိုင်ကြောင်းအဖြေထွက်သဖြင့် ဗိုလ်ချုပ်ရဲမြင့် နှင့် မိုင်းလား အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း တို့ တွေ့ဆုံလျှင်လည်း ၀ ၊ ကိုးကန့်တို့ နည်းတူ အဖြေပေးရန်အလားအလာများ ကြောင်း မိုင်းလားခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့် တာချီလိတ်သားတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

“နအဖ ဖိအားပေးပြီးနောက်ပိုင်း ဗိုလ်ချုပ်ရဲမြင့်နဲ့ မိုင်းလားအဖွဲ့ဥက္ကဌ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်တယ်၊ အရင်တုန်းက တော့ ဒုဥက္ကဌတွေနဲ့ဘဲတွေ့တယ်၊ လူထုသဘော ထားအရ မိုင်းလားအဖွဲ့လည်း ၀ တို့ကိုးကန့်တို့နည်းတူ ဆက်လက် ဘူးခံဖွယ်ရှိတယ်” - ဟု ဆို၏။

အပစ်ရပ် အဖွဲ့ များအား တပ် အသွင် ပြောင်းရေး အတွက် ဂျွန်လ နောက်ဆုံး ထား၍ လက်ခံ မခံတရား ၀င်အဖြေ ပေးရမည်၊ လူသူ လက်နက် အင်အား စာရင်း ပေးပို့ရ မည်ဟု စစ်အစိုးရက သတိပေး ထားသော ကြောင့်၊ နအဖ ၏ အလိုကို မလိုက် လျောနိုင် သည့် UWSA ကဲ့သို့ အဖွဲ့ အစည်း များက စစ်အစိုးရ နှင့်အပြိုင် စစ်ရေး ပြင်ဆင် လက်နက် အင်အား ဖြည့်နေကြောင်း၊ ဆက်ဆံ ရေးပိုမို တင်း မာလျက်ရှိကြောင်း သိရပါသည်။

No comments: