Wednesday, October 28, 2009

ရမခ တိုင်းမှူးအား ဝခေါင်းဆောင်များ တွေ့ဆုံနှုတ်ဆက်

ခိုင်လင်း / ၂၈ အောက်တိုဘာ ၂၀၀၉

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ သဘောထားအဖြေ မပေးနိုင်သေးသည့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ခေါင်းဆောင်အချို့သည် တာဝန်မှ ပြောင်းရွှေ့ရန်ရှိနေသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးအား ယခုလ (၂၅) ရက်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျံ၊ အထွေထွေအတွင်းရေးမှူး ဦးပေါက်ယိုယိ ဦးဆောင်သည့် ဝကိုယ်စားလှယ်အဖွဲ့တဖွဲ့ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့သို့ သွားရောက်ပြီး ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်အား တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု အမည်မဖော်လိုသည့် ဝတပ်မှူးတဦးက အတည်ပြုပြောသည်။

၎င်းက “တိုင်းမှူးက လားရှိုးကနေ ပြောင်းရတော့မယ်။ အဲဒီအတွက် ကျနော်တို့ ခေါင်းဆောင်တွေ သွားနှုတ်ဆက်တာ။ ဆွေးနွေးတဲ့ကိစ္စမဟုတ်ဘူး။ အခုက တိုင်းမှူးပြောင်းရမယ့်အတွက် သွားနှုတ်ဆက်တာ သက်သက်ပါ။ အခြားကိစ္စတွေမပါဘူး။ သူတို့အားလုံး မနေ့က ပြန်ရောက်လာပါပြီ” ဟု ပြောသည်။

ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်သည် ၂ဝဝ၅ ခုနှစ် နှစ်လယ်ပိုင်းက တိုင်းမှူး ဗိုလ်ချုပ် မြင့်လှိုင် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြီး သူ့နေရာတွင် ရောက်ရှိလာသူဖြစ်ကာ မကြာမီကာလအတွင်း ကာကွယ်ရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ရရန် ရှိနေသည်။

ဝတပ်ဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် ဆက်လက်ဆွေးနွေးရန်ရှိနေပြီး ထိုသို့ဆွေးနွေးရန်အတွက် ဝနယ်မြေအနီး တပ်ချထားသည့် နအဖတပ်များ ပြန်ရုပ်သိမ်ပေးရန် တောင်းဆိုထားသည်ဟု ဝတပ်ဖွဲ့နှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။

၎င်းက “နယ်ခြားစောင့်တပ်ကိစ္စက နောက်ထပ် ဆွေးနွေးဖို့တော့ ရှိတယ်။ သူတို့ကတော့ ဝနယ်နားမှာရှိနေတဲ့ နအဖတပ်တွေ အားလုံး ပြန်ဆုတ်ပေးမှသာ နယ်ခြားစောင့်ကိစ္စ ဆွေးနွေးပွဲလုပ်မယ်လို့တော့ ပြောထားတယ်။ အခုကလည်း တိုင်းမှူးကို သွားနှုတ်ဆက်တာဆိုပေမယ့် နယ်ခြားစောင့်တပ်ကိစ္စတွေလည်း ပြောကြဆိုကြမယ့် သဘောတော့ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနဲ့ ဗဟိုစစ်ဦးစီးမှူး ကျောက်ကော်အန်းတို့လည်း ပါသွားတယ်” ဟု ပြောသည်။

ဝမြောက်ပိုင်းဒေသအနီး ဟိုပန်မြို့နယ်အတွင်း တပ်မ (၉၉) လက်အောက်ခံတပ်များနှင့် ရမခလက်အောက်ခံ တပ်အချို့က သြဂုတ်လကုန်ပိုင်းဖြစ်ပွားခဲ့သည့် ကိုးကန့်အရေးအခင်းမတိုင်မီကာလနှင့် အရေးအခင်းနောက်ပိုင်း ဝင်ရောက်တပ်စွဲနေခြင်း ဖြစ်သည်။

No comments: