
လူထုအရေးတော်ပုံကြီးတခု ပေါ်ပေါက်တယ်ဆိုရင် ဘယ်တုန်းကမှ နိုင်ငံရေးနဲ့မနီးစပ်ခဲ့တဲ့ လူတွေရှေ့တန်းက တက်တက်ကြွကြွပါလာတာ တွေ့ရလေ့ရှိပါတယ်။ မထူးဆန်းတဲ့နိယာမပါ။ ဒီနိယာမကို အနီးဆုံးသမိုင်းထဲကဖြစ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ အမြင်သာဆုံးလို့ပြောရင်ရပါတယ်။ ဒီလိုပါဝင်သူစာရင်းထဲမှာ ဆရာကြီးနန်းညွန့်ဆွေကိုတောင် စာရင်းသွင်းရင်ရမလားမသိပါ။ ပြောရရင် ဆရာကြီးဟာ ဂျပန်ခေတ်ဆီတုန်းက အာရှလူငယ်မှာ ပါဝင်လှုပ်ရှားခဲ့တဲ့နောက် ဘယ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာမှ မပါဝင်ခဲ့သလောက် နေခဲ့တာပါ။ ဒီလိုနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်လာတယ်ဆိုတော့ ဆရာကြီးနန်းညွန့်ဆွေဟာ အရေးကြီးလျှင်ဖြင့် သွေးနီးရာပါစမြဲ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ သူ့အသက်အရွယ်နဲ့ ကျန်းမာရေးက သူ့ကို သားဖြစ်သူနဲ့ ရင်ပေါင်တန်းပြီး ဆက်လက် လုပ်ကိုင်နိုင်အောင်ခွင့်မပြုခဲ့ပါဘူး။

ဒီနိုင်ငံမှာက စစ်အာဏာရှင်သက်တမ်း ရှည်ကြာလာတာနဲ့အမျှ ကျေးလက်တွေ၊ တောင်ပေါ်တွေမှာရော မြို့ပြတွေမှာပါ မိသားစုတွေ ဒုက္ခမျိုးစုံတွေ့ရ၊ တကွဲတပြားဖြစ်ရတာတွေ များသထက်များလာနေပါတယ်။ အခုဆိုရင် ဒီလိုအဖြစ်မျိုးဟာ ဆန်းတောင်မဆန်းတော့ဘူးလို့ ဆိုနိုင်ပါတယ်။ ဆရာကြီးတို့မိသားစုလည်းပဲ ဒီလိုကန္တာရခရီးကို ဖြတ်သန်းခဲ့ရတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဆရာကြီး အသုဘလိုပဲ မြို့ပေါ်မှာရှိနေတဲ့ လူကုန်-လူစုံလိုက်ပို့ပေမယ့် အိမ်သားတွေထဲက လိုက်မပို့နိုင်တာတွေရှိတဲ့ အသုဘမျိုးတွေ မြန်မာပြည်မှာ များပဲများလှပါပကောလား။
ဆရာကြီးဟာ ဇရာကြောင့်၊ ဘယာကြောင့် ကွယ်လွန်သွားတာလို့ဆိုရပေမယ့် ရှေ့တန်းမှာ ရန်သူနဲ့ သူတပြန်ကိုယ်တပြန် ပစ်ခတ်ရင်း ကျဆုံးသွားတဲ့ အာဇာနည်တွေနဲ့ တတန်းတည်းထား ဂုဏ်ပြုထိုက်သူဖြစ်ပါတယ်။ အကြောင်းက သူဟာ နောက်ဆုံးအချိန်အထိ သူရဲ့လက်နက် (ကလောင်) ကို မချဘဲရပ်တည်သွားလို့ပါပဲ။ ဒီနေရာမှာ ထောက်ပြဖို့ကောင်းတာ တခုက ဒီနေ့အခါမှာ တချို့လူတွေဟာ ကိုယ်နဲ့သိတယ်ဆိုရင်၊ ဒါမှမဟုတ် ကိုယ့်နာမည်ပါ တွဲတင်နိုင်မယ်ဆိုရင် လက်နက် ချသွားသူကိုလည်း အာဇာနည်တွေနဲ့ တတန်းတည်းထား ဂုဏ်ပြုတာတွေ တွေ့နေရတာပါပဲ။ ဒါဟာ မီဒီယာခေတ်၊ အင်တာနက်ခေတ်မို့ ထင်တိုင်းလုပ်လို့ရတဲ့ လက္ခဏာမဟုတ်ပါဘူး။ စံတွေပျောက်ကုန်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါကြောင့် အခု ဆရာကြီးလိုပုဂ္ဂိုလ်ကို ဂုဏ်ပြုရာမှာ အဲဒါမျိုးတွေနဲ့ အသေအချာခွဲခြားဖို့တော့လိုပါတယ်။ ပူဇာစ ပူဇနေယျာနံ ဆိုတဲ့ ပူဇော်ထိုက်သူကို ပူဇော်ရာ၏ဆိုတာလိုပဲ နိုင်ငံရေးမှာလည်း ဆရာကြီးနန်းညွန့်ဆွေတို့လို ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုတာပဲ ဖြစ်ရပါမယ်။
မြန်မာပြည်ရဲ့ဒီမိုကရေစီအရေးတော်ပုံကြီးဟာ ခရီးရှည်ကြီး ချီတက်ရဦးမယ့်သဘောတွေ မြင်တွေ့နေရပါတယ်။ နောက်ထပ် ကျဆုံးမှုတွေ၊ အနစ်နာခံမှုတွေကို မရှောင်မလွှဲသာတွေ့ကြရ၊ လုပ်ကြရဦးမှာပါ။ အဲဒီလိုရှည်လျားတဲ့ လမ်းကြမ်းကြီးကို ဆက်လျှောက်ဖို့ဆိုရင် စံပြတွေ အများကြီးလိုပါတယ်။ ဒီအတွက် ကောက်ရိုးမီးလှုပ်ရှားခဲ့သူတွေကို စံမပြုဘဲ သေတဲ့အထိ၊ အသက် ရှစ်ဆယ်ကျော် ကိုးဆယ်နီးပါးအထိ မားမားမတ်မတ်ရပ်ခံ အလျှော့မပေးခဲ့သူတွေကိုသာ စံပြုရပါမယ်။ သူရဲကောင်းတို့၊ အာဇာနည်တို့ဆိုတာဟာ အရေးတော်ပုံကြီးတခုပေါ်လာ၊ အခွင့်အရေးကောင်းတခုကြုံလာတယ်ဆိုတာနဲ့ ဖြစ်မြောက်လာတာ မဟုတ်ပါဘူး။ ရေရှည်တိုက်ပွဲလမ်းကြောင်းကြီးပေါ်မှာ မှတ်ကျောက်တင်၊ အစမ်းသပ်ခံပြီးမှ ဖြစ်မြောက်လာတာ ဖြစ်တယ်ဆိုတာ ဆရာကြီးနန်းညွန့်ဆွေရဲ့ ဘ၀နဲ့ရပ်တည်လှုပ်ရှားမှုတွေက ဖော်ပြနေပါတယ်။ ဒီနေရာမှာ ဆရာကြီးနန်းညွန့်ဆွေ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းနေဖို့မလိုပါဘူး။ ဆရာကြီးနန်းညွန့်ဆွေလို လူတွေများများ ပေါ်ပေါက်ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။
No comments:
Post a Comment