
KNU နှင့် လာရောက် ပူးပေါင်းသည့် DKBA နယ်ခြားစောင့် တပ်ခွဲမှူး စောနေဘလူးထူးက “DKBA ခေါင်းဆောင်တွေက သူတို့ကိုယ်ကျိုး အတွက် ကျနော်တို့ကို နအဖဆီ တဖက်လှည့်နဲ့ ရောင်းလိုက်ပြီး နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်။ သူတို့သာ ကြီးပွား ချမ်းသာသွားပြီး အောက်ခြေ ရဲဘော်တွေကတော့ နအဖ ကျွန်ဖြစ်နေတာပဲ အဖတ်တင်တယ်။ ကိုယ့်အမျိုးသားရေး အတွက် ဘာမှ လုပ်ပိုင်ခွင့် မရှိတော့တဲ့အပြင် အခု ကရင်အချင်းချင်း ပြန်တိုက် နေရတယ်။ ဒါ့ကြောင့် KNU နဲ့ ပြန်လာပေါင်းတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
လာရောက် ပူးပေါင်းသည့် အဆိုပါတပ်ဖွဲ့ဝင် ၁၇ ဦးအနက် ၁၆ ဦးသည် KNU တပ်မဟာ ၇ နှင့် အတူ တိုက်ပွဲဝင်ရန် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ မာနယ်ပလော ဒေသသို့ မကြာမီ ရက်ပိုင်းအတွင်း ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
KNU တပ်မဟာ ၇ မှ ဗိုလ်ကြီး မျိုးမင်းသူက “ပြန်လည် ပူးပေါင်းလာသူတွေရဲ့ ဆန္ဒအတိုင်းပဲ အကူအညီ ပေးပါတယ်။ သာမန် အရပ်သားလို နေချင်လည်း ရတယ်။ တပ်ထဲမှာပဲ ပြန်လုပ်ချင်လည်း ရတယ်။ သူတို့သဘောဆန္ဒ အတိုင်းပါပဲ”ဟု ပြောသည်။
ယခုနှစ်ဆန်းမှစ၍ KNU တပ်မဟာ (၇) သို့လာရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၂၆) ဦးအထိ ရှိနေပြီဖြစ်ပြီး လာ ရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မာနယ်ပလောတိုက်ပွဲမှ ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ၂၉ ဦးတို့ကို အကူ အညီများ ပေးခဲ့သည်ဟု ဗိုလ်ကြီးမျိုးမင်းသူက ဆက်လက်ပြောဆိုသည်။
No comments:
Post a Comment