Tuesday, September 4, 2012

မေတ္တာဖြင့် နှောင်ဖွဲ့သော ကရင်ရိုးရာ လက်ချည်ပွဲ

နှင်းပန်းအိမ်

“ကျေးရွာရှိရင် ရိုးရာရှိတယ်။ ရိုးရာရှိရင် ယဉ်ကျေးမှုရှိတယ်။ ယဉ်ကျေးမှုရှိရင် အဆင့်အတန်း ရှိတယ်” လို့ ကျမမှတ်သားခဲ့ဖူးပါတယ်။ သဘာ ဝတရားနဲ့ ယှဉ်တဲ့ အရာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဒီသဘာဝတရားတွေကို ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့တွဲပြီး ယဉ်တွဲဖေါ်ပြခဲ့တဲ့ ဝါခေါင် လပြည့် ကရင်ရိုးရာ လက်ချည်ပွဲကို ထိုင်းနိုင်ငံ၊ နို့ဖိုးဒုက္ခ သည်စခန်းထဲ မှာ ကျင်းပခဲ့ပါတယ်။

စားပွဲရှည်ကြီးပေါ်မှာ စကောအချပ်ပေါင်း ၃ဝ လောက် ရှိပါတယ်။ ကြံကို အခွံခွာပြီး ပိုင်းထားတဲ့ ကြံဆစ်ပိုင်းတွေ၊ ငှက်ပျောတဖီး၊ ထမင်း ခုနှစ် ဆုပ်၊ ကောက်ညှင်းထုပ်၊ ဝါးရေခွက်၊ ဝါးယောက်မ၊ ချည်ဖြူလုံးတွေ ပန်းနုနွယ်အညွှန့်တွေကို စကောထဲ စုထည့်ထားတယ်။

စခန်းရုံးထဲမှာ ကလေးငယ်တွေကလည်း လူကြီးတွေကြားထဲမှာ “ဘယ်သူရေ ဘယ်ဝါရေ” လို့ အော်ဟစ်ပြီး အတင်းတိုးဝှေ့လို့ စားပွဲပေါ် က စ ကောတွေကို ကြည့်ပြီး သွားရည် ကျနေကြတယ်။ ဝိဉာဉ်ခေါ်ပြီး ချည်ဖြူချည်ပြီးရင် စားရမယ်ဆိုတာ သိလို့ အနားက မခွာနိုင်ကြ ပါဘူး။ ဖိနပ် မပါတဲ့ ခြေထောက်ကို မြဲအောင်ရပ်ပြီး စောင့်နေကြတယ်။

ကရင့်ရိုးရာတွေ မွှန်းထုံနေတဲ့ စခန်းရုံးထဲမှာ စခန်းလုံခြုံရေးတာဝန်ရှိသူ တီးလှရွှေ က “ဝါလေး ဂေ” မင်္ဂလာနံနက်ခင်းပါ လို့ နှုတ်ဆက်လိုက် တဲ့အခါ လူထုပရိတ်သပ်ကလည်း “ဝါလေး ဂေ” လို့ ပြန်နှုတ်ဆက်လိုက်တဲ့ အသံက စခန်းရုံး တခုလုံး ဟိန်းထွက်သွားတယ်။ ဝါခေါင်လပြည့် ချည်ဖြူပွဲအတွက် အမှတ်တ ရစကား ပြောပြီး အခမ်းအနားကို ဖွင့်လှစ်လိုက်ပါတယ်။

ချည်ဖြူပွဲအကြောင်း သရုပ်ဖေါ်ကြတယ်။ ကရင်လူငယ်လေးတွေ ရိုးရာဝတ်စုံ အပြည့်မှာ ပလိုင်း၊ စကော၊ စကာ၊ စူး၊ ပေါက်ပြား၊ ပေါက် တူး၊ ဝါးချွန်၊ ကျွဲချိုကိုင်ပြီး စင်မြင့်ပေါ် တက်သွားကြတယ်။ မကြာခင်မှာပဲ မြူးကြွတဲ့ ရိုးရာတေးဂီတသံ အောက်မှာ သရုပ်ဖေါ်ကြတယ်။ ခေါင်း၊ ခါး၊ ခြေ၊ လက် သွက်လက်တဲ့အကနဲ့ ကပြီး မကြာခင်မှာ လက်ချည်ပွဲမှာ ပါတဲ့ ပစ္စည်းလေးတွေကိုင်ပြီး အဓိပ္ပါယ်ကို ရှင်းပြကြ တယ်။

သောကြာအဲ (မြန်မာလို သစ္စာကို ချစ်တယ်)ဆိုတဲ့ ကရင်မလေးက “အသက်မွေးဝမ်းကြောင်းအရ သမီးတို့ ကရင် လူမျိုးတွေဟာ တောင်ယာနဲ့အများစု အသက်မွေးကြပါတယ်။ ဒါကြောင့် တောင်ယာစိုက်တဲ့ စူးဝါးကို အမြတ်တနိုး ထား ကြတယ်။ တောင်ယာခုတ်တယ်။တောင်ယာစိုက် ပြီးရင် စပါးခင်းကို ရိတ်သိမ်းတယ်။ စပါးလှေ့တယ်။ ဒီအခါ စုပေါင်းကူညီ ပေးကြ တယ်။ ကရင်လူမျိုးတွေ ပြန်လည်စုပေါင်း နေထိုင်ရအောင် အသံပေးတဲ့အနေနဲ့ ကျွဲချိုမှုတ်တယ်။ ကျွဲချိုသံဟာ စည်းလုံးခြင်း အဓိပ္ပါယ် လည်း ပြောနိုင်တယ်။ လက်ချည်ပွဲမှာ ပါတဲ့ ပစ္စည်းတွေထဲမှာ ပန်း နုနွယ်က ဘယ်မြေကြီးပေါ်ပဲ ပစ်ချပစ်ချ ရှင်သန်တယ်။ ကြီးထွားတယ်။ သန်မာတယ်။ ဘယ်မှာစိုက်စိုက် မသေဘူး။ ဒါ ကရင်လူမျိုးနဲ့ တူတယ်။ သတ္တိကောင်းတယ်။ ငှက်ပျောသီးက အခိုင် တခုထဲက ဆင်း သက်လာတဲ့ ငှက်ပျောဖီးလေးတွေဟာတဖီးစီပေမယ့်ငှက်ပျောဖီးမှာအသီးလေး တွေ စုဖွဲ့နေတယ်။ ဒါ သမီးတို့ ကရင်လူမျိုးလိုပဲ။ သမီးတို့ ကရင်လူမျိုးတွေလည်း အစုအဖွဲ့နဲ့ နေတတ်သူတွေပါ” တဲ့။

နောက်ပြီး “ယောက်မက သစ်ဝါးနဲ့လုပ်ထားတော့ ထမင်းချက်တဲ့အခါ မီးအပူဒဏ်ကို ခံနိုင်တယ်။ သမီးတို့ ကရင်လူမျိုးတွေကလည်း ယောက် မလိုအပူခံနိုင်တယ်ပေါ့။ အဖီးတို့ ပြောသလို လောကဓံကို ခံနိုင်ရည်ရှိတဲ့ လူမျိုးပေါ့။ကောက် ညှင်းနဲ့ လုပ်ထားတဲ့ခွက်ပြင်ကစီးကပ်တယ်။ သမီး တို့ ကရင်လူမျိုးတွေကိုလည်း တခြား ဘယ်လူမျိုးက ခွဲခွဲ မကွဲဘူး၊ စီးကပ်နေတယ်” တဲ့။

“ကြံဆစ်ပိုင်းလေးတွေက ကရင်လူမျိုးတွေရဲ့ အနာဂတ်ပါ။ ကြံအညွှန့်က စိုက်လို့ လွယ်တယ်။ ကြံ ပင်ကကြီးလာရင်တဆင့်ပြီးတဆင့် တက် သွားတယ်။ သမီးတို့ဘဝလိုမျိုး တဆင့်ခြင်း တက်သွားတယ်။ ထမင်းဆုပ်က သမီးတို့ အသက် သခင်။ ကရင်လူမျိုးက ထမင်းကိုပဲ အဓိက အားထား စားရတယ်။ ထမင်းဆုပ်နဲ့ တူတဲ့ ကရင်လူမျိုးက စုပေါင်း လုပ်ဆောင်တတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ”

ဆက်ပြီး စင်ပေါမှာ ကျန်နေသေးတဲ့ “ရေကဖြူစင်တယ်။သန့်စင်တယ်။ကရင်လူမျိုးကလည်းဖြူ စင်သန့်စင်တယ်လေ။ကောက်ညှင်းထုပ်ထုပ် ရင် ပူးပြီး နှစ်ခု ထုပ်သလို ကရင်လူမျိုးတွေလည်း အမြဲတမ်း တွဲနေတယ်။ မခွဲခွာဘူး။ကောက်ညှင်းထုပ် ထိပ်လေးက ရန်သူတွေကို ကာကွယ်ဖို့ အမြဲချွန်နေမြနေတယ်ပေါ့။ စကောထဲမှာ ဆန်ထည့် ဝိုင်းလိုက်ရင် ကောင်းတဲ့ ဆန်ကိုရွေးတယ်။မကောင်းတဲ့ဆန်ကိုလွှင့်ပစ်တယ်။မကောင်း တာကို မယူဖို့နဲ့ သူများရိုးရာ ကိုယ့်ရိုးရာထဲ မရောက်အောင် ကျင်လိုက် တဲ့ သဘောပါ” လို့ ရေလည်စွာပဲ ရှင်းပြသွားပါတယ်။

အဲဒီနောက် အဘိုးအဘွားတွေက ဝိဉာဉ် ခေါ်ကြပါတယ်။

ဝိဉာဉ် ခုနှစ်ပါးကို ပြန်ခေါ်နေတာပါ။ ကျားပါးစပ်၊ ဆင်ပါးစပ်၊ ငှက်ပါးစပ်ထဲက၊ သင်္ချိုင်းထဲက၊ တောတောင်ထဲက၊ ရှိသမျှ နေရာက ဝိဉာဉ် တွေ ဒီနှစ်၊ ဒီလ၊ ဒီရက်မှာ လူတွေရဲ့ အသုံးအဆောင်၊ လယ်ယာ အသုံးအဆောင် ခိုင်းနေတဲ့နွားကအစ အဝေးမှာရောက်နေတဲ့ မိသားစု တွေရဲ့ ဝိ ဉာဉ် အားလုံးကို ပြန်ခေါ်တာ။ အဘိုးအဘွားတွေက ခုနှစ်ရက် သားသမီး ဝိဉာဉ် ခုနှစ်ပါး ပြန်လာပြီလားလို့ သုံးကြိမ် မေးတယ်။ အားလုံးက ပြန်လာပြီလို့ သုံးကြိမ် ပြန်အော်ရတယ်။

No comments: