Thursday, October 11, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံး မူစယ်မြို့၌ ဖွင့်လှစ်

သျှမ်းသံတော်ဆင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းပုဒ်တင်ပွဲအခန်းအနားကို တရုတ်နယ်စပ်နှင့် ကပ်လျှက် ရှိသော သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် ယမန်နေ့ နေ့လည် ၁ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မူစယ်မြို့ တောင်ရပ်ကွက်ရှိ ဆေးရုံကြီးအနီး နေအိမ်တွင် ပါတီရုံးခန်းနှင့် ဆိုင်းပုဒ်တင်ပွဲ အခမ်းအ နား ကျင်းပခဲ့ရာ အခမ်းအနားသို့ အနယ် နယ်အရပ်ရပ်မှ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ် ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း ကိုယ်တိုင် အခမ်းအနား တက်ရောက် ခဲ့သည့် SNDP ကျားဖြူပါတီဝင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“လူအင်အားကတော့ ၁၀၀ ကျော် ၂၀၀ နီးပါးလောက်တက်တယ်၊ ကျနော်တို့ပါတီက ကိုယ်စား လှယ်နှစ်ဦး သွားတက်တယ်၊ မူစယ်မှာတော့ ကျနော်တို့ပါတီရယ် ကြံ့ခိုင်ရေးရယ် နှစ်ပါတီကို ဖိတ်ပါတယ် ” ဟု သူက ပြော သည်။

၎င်းအခမ်းအနားတွင် လားရှိုးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် စိုင်းမြင့်မောင် ၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ် များမှ အဖွဲ့ချုပ် ကိုယ်စားလှယ်များ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ ပထမဆုံး အကြိမ် ပါတီရုံး ခန်း ဖွင့် လှစ်ခဲ့ခြင်းဖြစ်ပြီး မူစယ်မြို့နယ် အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌမှာ ဦးနော်ဘောက် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment