Tuesday, October 23, 2012

ကားဝယ်လျှင် အရှုံးပေါ်မည်ဟု စီးပွား/ကူးသန်းဝန်ကြီး သတိပေး

သာလွန်ဇောင်းထက်

မြန်မာနိုင်ငံ၏ ကားဈေးကွက်ကို နိုင်ငံတကာပုံစံသို့ ဦးတည်ပြောင်းလဲလျက်ရှိပြီး လက်ရှိအနေအထားတွင် ကားဝယ်မည်ဆိုလျှင်အရှုံး ပေါ်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဧရာဝတီသတင်းဌာနနှင့် သီး သန့်တွေ့ဆုံမေးမြန်းခန်းတွင် သတိပေးပြောဆိုလိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာပြီးနောက် နိုင်ငံသားတိုင်း ကားစီးနိုင်ရမည်ဟု သမ္မတဦးသိန်းစိန်၏ စီမံချက်ဖြင့် မော် တော် ကား ဈေးနှုန်းများကို လျော့ချခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကားဈေးနှုန်းများ ယခင်ထက် အဆပေါင်းများစွာ ကျဆင်းခဲ့ပြီးဖြစ် ကြောင်း၊ အစိုးရ၏ ကားမူဝါဒမှာ နိုင်ငံတကာ ကားဈေးကွက်ပုံစံ အခြေခံလူတန်းစားများကားအရောင်းစင်တာများတွင် အခက်အခဲမရှိ ဈေး နှုန်းချိုချို သာသာဖြင့် ၀ယ်ယူနိုင်ရန်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။

“အရင် သိန်း ၃၀၀၀၊ ၄၀၀၀ ရှိခဲ့တဲ့ကားတွေ အခု သိန်း ၂၀၀ ပဲရှိတော့တယ်။ သိန်း ၂၀၀ နဲ့ ကား ကောင်းကောင်း စီးလို့ရပြီ။ အခုကား ဈေး ကွက်က ဘယ်ကိုသွားနေလဲဆိုတော့ တည်တည်ငြိမ်ငြိမ်ဖြစ်မယ့် အခြေအနေ တခုကိုသွားနေ တယ်။

သိပ်မကြာခင်ကာလမှာ နိုင်ငံတကာဈေးကွက်ပုံစံကို တဖြည်းဖြည်းတော့ သွားနေတယ်။ ချက်ချင်းကြီးတော့ လုပ်လို့မရဘူး။ ဒါပေမဲ့ ကျ နော် ပြောနိုင်တာက ကားဝယ်ရင် မြတ်မယ့်ခေတ် ကုန်သွားပြီ။ ကားဝယ်ရင် အရှုံးပေါ်မယ်။ ကိုယ်တော့စီးရတာပေါ့” ဟု သူက ဆိုသည်။

ကားဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် မိမိ ကိုယ်တိုင်ပင်လျှင် ယခင်သိန်းထောင်ချီကားများ လက်ဝယ်ပိုင်ဆိုင်ထားသဖြင့် အရှုံးပေါ်ခဲ့ ကြောင်း ဦးဝင်းမြင့်က ရှင်းပြသည်။

“ကျနော့်မှာလည်း လင့်ခရူဆာ လေးစီးရှိတယ်။ အရင်တုန်းကဆိုရင် သိန်းထောင်ချီတန်တဲ့ကားတွေ ပေါ့။ အခု သိန်းရာချီလောက်ပဲ တန် တော့တယ်။ ကျနော်လည်း ရှုံးတာပါပဲ။ ဒါပေမဲ့ ဒါက မလုပ်လို့မရဘူး။ နိုင်ငံက တကယ့် ဒီမိုကရေစီ ဈေးကွက်စီးပွားရေးစနစ်ဆီ သွားနေ ပြီ။ ၂၀၁၅ ဆိုရင် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့် တွေလာတော့မယ်။ အစစအရာရာ ကျနော် တို့က ပြင်ဆင်ရတော့မယ်” ဟု၎င်းကဆက် ပြောသည်။

လတ်တလော ကားဈေးကွက် ကားသစ်များတင်သွင်းနိုင်သော ကားဟောင်းအပ်နှံသော စလစ်ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်ဆို သော သတင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအနေနှင့် သိရှိထားကြောင်း၊ ၀န်ကြီးဌာနအနေနှင့်လည်း ကား တင်သွင်း လိုသော နိုင်ငံသားတဦးချင်းစီအလိုက် ဆက်လက် တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ကားတင်သွင်းခွင့် ပါမစ်လိုင်စင်များကို ပိတ်ပင် ရန်မရှိ ကြောင်း၊ ကောလဟာလ လွှင့်ထုတ် ဈေးကစားနိုင်သော ခေတ်လည်းမဟုတ်ဟု ၄င်းက ရှင်းပြသည်။

“ထင်သာမြင်သာရှိရှိ ကျနော်တို့ လုပ်သွားမယ်။ အခုဆိုရင် ကားစီးရေ ခြောက်သောင်းကျော် တင် သွင်းခွင့်ပြုပြီးပြီ။ အဲဒီမှာ ကားသစ်စီးရေ သုံး သောင်းနီးပါး၊ ကားဟောင်းလဲတာ သုံးသောင်းကျော် ရှိတယ်” ဟု ဦးဝင်းမြင့် ဆို သည်။

ကားသစ်များပြားလာခြင်းကြောင့် လမ်းများ ပိတ်ဆို့နေသည်ဆိုသော ပြောဆိုချက်များအပေါ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ စေ ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ကားလမ်းပိတ်တဲ့အထဲမှာ စည်းကမ်းမလိုက်နာတွေကလည်း အဓိက အချက်တချက်လိုဖြစ်နေ တယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအ ပိုင်း ကို သေသေချာချာလေး လုပ်သွားဖို့ရှိပါတယ်။ ဒါပေမဲ့လည်း ကားဈေးတွေကျလာတဲ့အ ချိန်မှာတော်တော်လေးကိုလူတွေကားစီးနိုင်လာ ကြတယ်။ ကျနော့်ဇာတိ တန့်ဆည်ကိုပြန်တဲ့အချိန်မှာဆိုရင် နယ်ကလမ်းတွေပေါ်မှာ ကားကောင်းတွေ တော်တော်များများတွေ့ရတယ်” ဟုဦးဝင်းမြင့်ကဆိုသည်။

ကားဝယ်မစီးနိုင်သေးသော ပြည်သူများအတွက်လည်း ဘတ်စ်ကားအသစ်များဝယ်ယူတင်သွင်း လျက်ရှိပြီး လတ်တလော ဘတ်စ်ကား သစ် စီး ရေ ၁၀၀၀ ကျော်ရောက်ရှိနေကာ ဆက်တိုက် တင်သွင်းခွင့်ပြုသွားရန် ရှိသည်ဟု သိရသည်။

ပြည်တွင်းဈေးကွက်တွင်မူ ကားသစ်တင်သွင်းမှု များပြားခြင်းနှင့် ဆိပ်ကမ်းရောက် ကားတန်ဖိုး ပြင်ဆင် သတ်မှတ်ပေးရန်ရှိခြင်းကြောင့် ကား အရောင်းအ၀ယ် ငြိမ်သက်ပြီး ဈေးနှုန်းတန့်နေကြောင်း သိရှိရသည်။

ယခင် စစ်အစိုးရလက်ထက်က ကားတင်သွင်းခွင့်ပါမစ်ကို အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့သောကြောင့် နှစ် ၂၀ ကျော်သက် တမ်း ရှိ ကားဟောင်းတစီး၏ တန်ဖိုးသည် သိန်း ၃၀၀ အထက်တွင်ရှိခဲ့ပြီး မော်ဒယ်မြင့် ကားသစ်တစီးလျှင် အနည်းဆုံး သိန်းတစ်ထောင် ကျော် ဈေး ပေါက်ခဲ့သည်။

No comments: