Thursday, October 11, 2012

လားရှိုးတွင် ငြိမ်းချမ်းရေး စကားပြော

နန်းသီရိလွင်

ရှမ်းပြည် တပ်မတော်မြောက်ပိုင်း SSA-N နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် လားရှိုးမြို့ ရွှေ လီခန်းမတွင် တွေ့ဆုံနေကြကြောင်း သတင်းရရှိသည်။

မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း၊ ဒုဥက္ကဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်၊ အရှေ့ပိုင်း နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ တက်ရောက်ကာ ရှမ်းပြည်တပ် မတော် မြောက်ပိုင်းမှ အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်နှင့် ဗဟို ကော်မတီဝင် ၉ ဦးတို့ ပါဝင်ကြကြောင်း သိရသည်။

“တော်တော်လေး နွေးနွေးထွေးထွေးနဲ့ တစ်ဘက်နဲ့ တစ်ဘက် သဘောထားကြီးကြီး ဆွေးနွေးကြ တာတွေ့တယ်။ ၂ ဘက်လုံးမှာ ဖြစ်နေ တဲ့ နားလည်မှု လွဲနေတာလေးတွေ ဆွေးနွေးလိုက်တော့ တော်တော်လေး သက်တောင့် သက်သာ အနေအထား ဖြစ်သွားတယ်” ဟု ဆွေးနွေး မှုကို တက်ရောက်ခဲ့သူ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြော သည်။

SSA မြောက်ပိုင်း တပ်များ အခြေချနေထိုင်နိုင်ရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တပ်ပိုင်းဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှုများနှင့် ဒေသဖွံ့ဖြိုး ရေး အတွက် အစိုးရဘက်မှ ကူညီဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည့် ၈ လကျော် အချိန်ကာလအတွင်း မြန်မာအစိုးရဘက်မှ သဘော တူ ညီချက်ပါ အချက်အလက်အချို့ကို ချိုးဖောက်သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း SSA-N ကဆိုသည်။

“SSA တပ်တွေအနေနဲ့ ရောက်ရှိတဲ့ နေရာမှာ ယာယီနေထိုင်ခွင့် ရဖို့ သဘောတူညီချက်ရှိတယ်။ အဲဒါကို ရွှေ့ခိုင်းတာ၊ မရွှေ့တဲ့ နေရာတွေ မှာ တပ်နဲ့ ၀င်တိုက်တာတွေ ရှိခဲ့တယ်။ အဲဒီတော့ ခု ဦးအောင်မင်းနဲ့ တွေ့တဲ့အခါ ကျွန်တော်တို့ တပ်တွေ နေရာချထားရေးကို ပထမအ ဆင့်အ နေနဲ့ အကောင်အထည်ဖော်ဖို့ ညှိနှိုင်းမယ်” ဟု SSA ပြောရေးဆိုခွင့် ရှိသူ ဦး စိုင်း လက ယမန်နေ့က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုင်းရှူးမြို့နယ် တာဆန်းဖူး ဒေသတွင် အခြေစိုက်ထားသော SSA တပ်မဟာ ၃ နှင့် တပ်မဟာ ၆ တို့ ကို ဆုတ်ခွာပေးခဲ့ရပြီး ၎င်းတပ်သားများနှင့် တပ်မိသားစုများ အခြေချနေထိုင်ရန်၊ စီးပွားရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ထူထောင်ရန်အ တွက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တပ်မဟာ ၆ နှင့် တပ်မဟာ ၃ ရှိ တပ်သားများနှင့် တပ်မိသားစု စုစုပေါင်း လူဦးရေ ၃၅၀၀ ခန့်ရှိပြီး အခြေချနေထိုင်ခွင့်ရရန် ခတ်ခဲနေ ကြောင်း သိရသည်။

ဆွေးနွေးပွဲကို ယနေ့ နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှု မပြီး ပြတ်သဖြင့် မနက်ဖြန် အောက်တိုဘာ လ ၁၁ ရက်နေ့တွင် ထပ်မံ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

SSA မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် အပစ်အခတ်ရပ် စဲရန် အချက်အပါအ၀င် ပြည်ထောင်စုအဆင့် ပဏာမငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုး ခဲ့သည်။ သဘောတူညီချက်တွင် လက် နက်ကိုင် SSA မြောက်ပိုင်း အဖွဲ့ မိသားစုများ၏ လူနေမှု ဘ၀မြင့်တင်ရေး၊ ဒေသတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေး၊ ထာဝရငြိမ်းချမ်းရေး အတွက် ပူး ပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ခဲ့သည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (ခေါ် ) ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP သည် ၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက်က အပစ်အ ခတ် ရပ်စဲခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေးကို ငြင်းဆန်ကာ ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ တိုက် ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment