Friday, October 12, 2012

မူစယ်မြို့တွင် NLD ဆိုင်းဘုတ်တင်

ကော့လွ

တရုတ်မြန်မာ နယ်စပ် အဓိက ကုန်သွယ်ရေးမြို့ ဖြစ်တဲ့ မူစယ်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးကို ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဆိုင်းဘုတ်တင်ကာ ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

နံနက် ၁၀ နာရီလိုက်မှာ ရုံးဖွင့်ပွဲ အခမ်းအနား စပါတယ်။ မူစယ်မြို့ပေါ်မှာရှိတဲ့ ရှမ်း၊ ကချင်၊ ပ လောင် စာပေယဉ်ကျေးမှုအဖွဲ့တွေ၊ ကျား ဖြူပါတီ၊ မူစယ်မြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း တက်ကြတယ်။ အားလုံး ၂၀၀ လောက်ရှိမယ်။ SNLD တက်တာတော့ မတွေ့ဘူး – လို့ အခမ်းအနားကို တက်ရောက်သူ ရှမ်းစာပေယဉ်ကျေးမှုကော်မတီဝင် တစ်ဦးက ကော့လီကို ပြောပြပါတယ်။

အခမ်းအနားမှာ ရှမ်းပြည်နယ် NLD ညီလာခံကျင်းပရေး ကော်မရှင် အဖွဲ့ဝင် စိုင်းမြင့်မောင် ကိုယ်တိုင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

မူစယ်မြို့ရုံး ဆိုင်းဘုတ်တင်ပွဲကို ရှမ်းပြည်နယ် လားရှိုး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ သီပေါ၊ ကျောက်မဲ၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွေက NLD ပါတီဝင်များလည်း တက်ရောက်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

မူစယ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို တောင်ရပ်ကွက်ရှိ မြို့နယ် အတွင်းရေးမှူး(၁) ဦးနော်ဘောက်ရဲ့ နေအိမ်မှာ ဖွင့်လှစ် ထားပါတယ်။ မူစယ်မြို့နယ် NLD ဥက္ကဋ္ဌ ဟာ ဦးတော်မီ ဖြစ်ပြီး ပါတီအင်အား ၁၀၀ ကျော်ရှိပြီလို့လည်း သိရပါတယ်။

မူစယ်မြို့နယ်မှာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အ မှတ်(၁) နှင် (၂) နှစ်နေရာစလုံးမှာ အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ပြည်သူ့လွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် တစ်နေရာနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ပြည်နယ်လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာ အနိုင်ရခဲ့ပါတယ်။

No comments:

Post a Comment