Wednesday, November 14, 2012

အိုဘားမား မြန်မာခရီးစဉ် တရုတ်ကို မထိခိုက်

လင်းသန်

လာမည့် နိုဝင်ဘာ ၁၉ ရက် အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို မ ထိ ခိုက်ကြောင်း ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။

မြန်မာနှင့် အဓိက နယ်မြေချင်းထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ ၏ ဒုတိယ အကြီးဆုံး တာဝန်ယူထားသူ မစ္စ တာ ချင်ဂွမ်ဇောင်းက ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံသည် ကုန်သွယ်မှုတွင် နက်နက်ရှိုင်းရှိုင်းရှိုင်း ဆက်ဆံမှုရှိကြောင်း၊ ယခုကဲ့သို့ မြန် မာနိုင်ငံ၏ ပွင့်လင်းလာမှုကို တရုတ်နိုင်ငံက အပြည့်အ၀ အားပေးကြောင်း၊ အထူးသဖြင့် မြန်မာ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် တရုတ်နိုင်ငံအား အကျိုးရှိစေမှာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ကျနော်တို့အနေနဲ့ ပွင့်လင်းမှု လိုလားနေကြတဲ့ မြန်မာ အာဏာပိုင်တွေရဲ့ ကမ္ဘာ့ အစိတ်အပိုင်း ပြန်ဖြစ် လာရေး ဆန္ဒကို နားလည်ပြီး အား ပေးထောက်ခံပါတယ်”ဟု ချင်ဂွမ်ဇောင်းက ဘေဂျင်းတွင် ကျင်းပနေသော တရုတ် ကွန်မြူနစ် ပါတီ ကွန် ဂရက် ပြင်ပ ဆွေးနွေးပွဲ၌ အကဲ ဆတ်သည့် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်ပြီး ကြုံတောင့်ကြုံခဲ သတင်းထောက်များကို သဘောထား မှတ်ချက်ပေးခဲ့ကြောင်း ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြထားသည်။

“မြန်မာခေါင်းဆောင်တွေဟာ သူတို့တိုင်းပြည် တံခါးဖွင့်မှုကို ဦးဆောင်ဖို့ သူတို့ရဲ့ ဉာဏ်အမျှော်အမြင်ကို အသုံးချကြမယ်ဆိုတာ ကျနော် တို့ ယုံကြည်ပါတယ်။ သူတို့သိပါတယ်၊ တရုတ်ပြည်သူတွေဟာ မြန်မာတွေရဲ့ မိတ်ဆွေရင်းအဖြစ် အမြဲရှိနေမယ် ဆိုတာ”
ဟု လည်း ချင်ဂွမ်ဇောင်း က ဆိုသည်။

ထို့အပြင် တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ရာမှ ပျက်ဆီးခဲ့သည့် ကချင် တိုင်းရင်းသား လက် နက် ကိုင်အဖွဲ့နှင့် မြန်မာ အစိုးရတို့ကြား ပြန်လည်ပြေလည်မှု ရှိစေရေး ယူနန်ပြည်နယ်တွင် တာဝန်ယူ တွေ့ဆုံမှုများအား ၄င်းတို့က ပံ့ပိုး ကူညီခဲ့ ကြောင်း၊ ဒုက္ခသည်အရေးလည်း ကူညီပေးခဲ့ကြောင်းလည်း ချင်ဂွမ်ဇောင်းက ပြောသည်။

“ယူနန်အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းဖို့ မျှော်လင့်တယ်။ နယ်စပ် ဒေသတလျှောက် ငြိမ်းချမ်းရေး၊ တိုင်း ရင်းသား တန်းတူ ညီမျှမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် မျှော်လင့်တယ်၊ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို နှစ်ရှည် စစ်ပွဲတွေနဲ့ ကမောက်ကမ ဖြစ်တဲ့နိုင်ငံတခုပြန်မဖြစ် စေချင်ဘူး” ဟု ချင်ဂွမ်ဇောင်းက ဆိုသည်။

မူးယစ်ဆေးဝါးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ လူ မှောင်ခိုကူးမှု ပြဿနာများကိုလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာ အား ပူးပေါင်း ကူ ညီ ဖြေရှင်းပေးနေပြီး မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်မှုကို တရုတ်ဘက်က စိုးရိမ်မကင်းဖြစ်ရကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေ သည့် တရုတ် ကုမ္ပဏီများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကိုလည်း မြန်မာက ဂရုစိုက်မည်ဟု ယုံကြည်မျှော်လင့်ထားကြောင်း လည်း ဆိုသည်။

အမေရိကန် သမ္မတ၏ ခရီးစဉ်သည် တရုတ်ဩဇာကို ဒေသတွင်း စိန်ခေါ်လာချက်တခုအဖြစ် ပြောဆိုသုံးသပ်ချက်များ ထွက်ပေါ်လာနေ ရာက ယခုကဲ့သို့ ယူနန်ပြည်နယ် ထိပ်တန်းခေါင်းဆောင်တဦးက ပြောဆိုလိုက်ခြင်းသည် ဘေဂျင်းအစိုးရ၏ မြန်မာအပေါ် တရားဝင် သ ဘောထား ကိုလည်း ရောင်ပြန်ထင်ဟပ်ပေမည်။

တရုတ်ကုမ္ပဏီများအနေဖြင့် ယခင်က မြန်မာဈေးကွက်တွင် ပြိုင်ဆိုင်မှု မရှိ ရင်းနှီးမြှုပ်နှံခွင့်ရခဲ့သော်လည်း ယခုအခါ စီးပွားရေးပိတ်ဆို့မှု ဖယ် ရှားလိုက်ခြင်းကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံမှ ကုမ္ပဏီများနှင့် ပြိုင်ဆိုင်ရတော့မည် ဖြစ်သည်။ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိ ကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာ့အပြောင်းအလဲအပေါ် အမေရိကန်တို့၏ အခိုင်အ မာ ထောက်ခံမှု ကို ပြသမှုလည်း ဖြစ်သည်။

သို့သော် ပထဝီနိုင်ငံရေး အကျိုးအမြတ်ကိုသာ ကြည့်ပြီး မြန်မာပြည် မူဝါဒ အပြောင်းအလဲ မြန်လွန်းနေသည်ဟု ဝေဖန်ခံနေရသော အ မေရိ ကန် သမ္မတသည် သံတမန်ရေး ထုံးတမ်းစဉ်လာအရ နေပြည်တော်သို့ မသွားဘဲ ရန်ကုန်မြို့သို့သာ နာရီပိုင်း လာရောက်မည်ဟု သတင်း များ ပေါ်ထွက်နေသည်။

ထိုခရီးစဉ်သည် ၁၉၅၃ ခုနှစ်က အမေရိကန် ဒုသမ္မတ ရစ်ချတ် နစ်ဆင် မြန်မာပြည်လာပြီးနောက် ပထမဆုံး အမေရိကန်သမ္မတ၏သမိုင်းဝင် ခရီးစဉ်ဖြစ်သည်။

သမ္မတ အိုဘားမားသည် နေပြည်တော်သို့သွားမည် မဟုတ်သည့်အတွက် သမ္မတ ဦးသိန်းစိန် အနေဖြင့် ရန်ကုန်သို့ လာရောက်ကာ တွေ့ရမည် ဖြစ်ပြီး မည်သည့်နေရာတွင် တွေ့ဆုံမည်ဆိုသည်ကို မသိရသေးပေ။ သို့သော် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ် ရိပ်သာလမ်း နေအိမ်သို့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းများထွက်နေသော်လည်း တရားဝင် အတည်ပြုမှု မရှိ သေးချေ။

ထို့အပြင် လူထုအခြေပြု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံရန် ရှိပြီး အမေရိကန်ဘက်က ရန်ကုန်တက္က သိုလ် တွင် နေရာတောင်းထားကြောင်း အမေရိကန်အစိုးရနှင့် နီးစပ်သူတဦးကို ကိုးကား၍ ကယ်လီဖိုးနီးယား တက္ကသိုလ် (ဘာကလေ) တွင် ပါရဂူ စာတမ်းရေးသားပြီး စာနယ်ဇင်းပညာကို ပို့ချနေသည့် ကိုမင်းဇင်က Foreing Policy ဘလော့ဂ်တွင် ထည့်ရေးထားသည်။

အမေရိကန် သမ္မတ တဦး၏ ပြည်ပခရီးစဉ်တွင် လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုများ လုပ်ဆောင်လေ့ရှိရာ ယခုအချိန်အထိ မည်သူနှင့် မည် သည့် နေရာတွင် တွေ့ဆုံမည် ဆိုသည်ကို တရားဝင် မသိရပေ။

တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၃ ပါတီကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အမေရိကန်၏ အခန်းကဏ္ဍသည် အ ရေး ပါသည့်အတွက် တွေ့ဆုံလိုကြောင်း တောင်းဆိုထားသည်။

သမ္မတ အိုဘားမား ခရီးစဉ်နှင့်ပတ်သက်၍လည်း ယခုအခါ သမ္မတအထူးလုံခြုံရေးအဖွဲ့ဝင်များအနည်းဆုံး ၂၀၀သည်ရန်ကုန်မြို့သို့ ရောက် ရှိနေကြပြီဖြစ်ပြီး လုံခြုံရေး ကြိုတင်စီမံနေကြပြီဖြစ်သည်။

သမ္မတ အိုဘားမား တည်းခိုမည်ဟု သတင်းဖြစ်နေသော ချတ်ထရီယံ ဟိုတယ်တွင်လည်း အခြားတည်းခိုသူများ၊ ရုံးခန်း ဖွင့်ထားသူများ ကို ခေတ္တ လက်မခံထားဘဲ ဟိုတယ်တွင်း ပြုပြင်ပြင်ဆင်မှုများလည်း အမေရိကန်များက လုပ်ဆောင်ပေးကြောင်း သိရသည်။

ယခုကဲ့သို့ အမေရိကန် သမ္မတ မြန်မာနိုင်ငံသို့ လာရောက်မှုနှင့်ပတ်သက်၍မြန်မာပြည်သူများအတွက်နိုင်ငံရေးအကျဉ်းသားများလွတ် မြောက် ခြင်း၊ ပြည်တွင်းစစ် ရပ်ဆဲစေမည့် နိုင်ငံရေး ဆွေးနွေးပွဲ အာမခံချက်တခု ရခြင်း စသည့် ထူးခြားသည့် ရလဒ်ကောင်းများ ရသင့် သည် ဟု ပြည်တွင်း ပြည်ပ မြန်မာ့အရေး လှုပ်ရှားသူများက လိုလား တောင့်တ နေကြသည်။

သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန်က အာရှ-ပစိဖိတ် ဒေသသည် ကမ္ဘာ့စီးပွား ရေး၏ အဓိက ဗဟိုချက်ဖြစ်လာသကဲ့သို့ အမေရိကန် ပြည်ထောင်စုအနေဖြင့်လည်း အဆိုပါ ဒေသနှင့် ထိတွေ့ဆက်ဆံရေးသည် အဓိက အခန်း ကဏ္ဍက ပါဝင်သွားမည် ဖြစ်ကြောင်း သြစတြေးလျ ၀န်ကြီးချုပ်နှင့် ဆွေးနွေးစဉ် ပြောကြားခဲ့သည်။

သမ္မတ အိုဘားမား ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် မစ္စ ဟီလာရီလည်း လာရောက်မည်ဖြစ်သည်။

No comments:

Post a Comment