Wednesday, February 13, 2013

ဟာသသရုပ်ဆောင် အကယ်ဒမီမော့စ် ကွယ်လွန်

ပီတာအောင်

ဟာသသရုပ်ဆောင် လူရွှင်တော် ဦးမော့စ် အမည်ရင်း ဦးတင်ဝင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မ နက်က ရန်ကုန်မြို့ SSC ဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ အနုပညာ အသိုင်းအ၀ိုင်းက သိရပါတယ်။

ဦးမော့စ်ရဲ့ သားဖြစ်သူ သရုပ်ဆောင် ထိုက်စံရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ် စာမျက်နှာမှာတော့ သူ့ရဲ့ ဖခင်ဟာ ဒီနေ့ မနက် ၄ နာရီ မိနစ် ၂၀ က ကွယ်လွန်သွားတာလို့ ရေးသားထားပါတယ်။

လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့ လူရွှင်တော် ဦးမိုးဒီကလည်း မော့စ်ကွယ်လွန်သွားတဲ့အကြောင်း အ ခုလို အတည်ပြုပြောပါတယ်။

“မနက်က ကျနော့်ဆီကို အစောကြီး သတင်းပို့ပါတယ်ခင်ဗျာ။ ဒီနေ့မနက် ၃ နာရီမှာ ဆေးရုံ တင် တယ်။ ၄ နာရီမှာဆုံးတယ်တဲ့၊ မမျှော်လင့်ထားတဲ့ သတင်းကြီးပေါ့ဗျာ။ ကြားကြားခြင်း ရင်ထဲ တောင် ဆို့သွား တယ်။ စိတ်မကောင်းဘူး၊ ညီအစ်ကိုလို နှစ်ပေါင်းများစွာ နေလာခဲ့တာ။” လို့ ပြော ပါတယ်။

ဦးမော့စ်ဟာ လွန်ခဲ့တဲ့နှစ် ၃၀ ခန့် ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ဇာတ်သဘင်နဲ့ အငြိမ့်သဘင် လောကမှာလူရွှင်တော်အဖြစ်ကျင်လည် ခဲ့ပြီး လူရွှင်တော် မိုးဒီနဲ့ အတူတွဲကပြခဲ့တဲ့ ဦးရွှေဗျိုင်းရဲ့ မင်္ဂလာ ဦးညပြဇာတ် ဗွီဒီယိုနဲ့ လူသိများခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဗွီဒီယို ဇာတ် ကားတွေနဲ့ ရုပ်ရှင်တွေမှာ ဟာသ သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပြီး နာမည် ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို လုပ်ဖော်ကိုင်ဖက်တဦး ကွယ်လွန်သွားတဲ့အပေါ် လူရွှင်တော် ဦးမိုးဒီက “သူကအနုပညာနဲ့ပတ်သက်လို့ အင်မတန်မာနကြီးတဲ့ကောင် ဗျ။ သူ့အလုပ်ကို သူအရမ်း ကြိုးစားတယ်။ သူအောင်မြင်ချင်တယ်။ လူရွှင်တော်အလုပ်ကို မြတ်မြတ်နိုးနိုးနဲ့ ကြိုးစားတယ်၊ လုပ်တယ်။ သူဇာတ် ခုံပေါ်တက်လာရင် သူများထက်သာရမှကြိုက်တဲ့လူမျိုး၊ ကျနော်ကပို့ပေးတယ်၊ သူလိုချင်တာကို ကျနော်က ရောက်အောင်ပို့ပေးတဲ့ အခါကျ တော့ အတွဲဖြစ်တာပေါ့။ ငယ်ငယ်ကတည်းက ခေါင်းလေးမော့မော့နေလို့ ငမော့လို့ သူ့ဖိုးအေကခေါ်ရင်းနဲ့ အကုန်လုံးက ငမော့ဖြစ်နေ တာ။ နှမြောတာပေါ့ဗျာ။ ရင်ထဲမှာလည်းမကောင်းအောင် နှမြောမိပါတယ်။ စိတ်လည်းမကောင်းပါဘူး။”

မော့စ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ် အကယ်ဒမီဆုပေးပွဲမှာ ထာဝရအလင်းတန်းဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ အကယ်ဒမီဆုရပြီးနောက် ကွယ်လွန်သွားတယ် ဆိုတဲ့သ တင်းတွေ ထွက်ခဲ့ဖူးပါတယ်။

ဦးမော့စ် ကွယ်လွန်ချိန်မှာအသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ယုယုမော်နဲ့ သား ၃ ယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ ဈာပနအ ခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၄ နာရီ ရေဝေးသု သာန် မှာ ကျင်းပဖို့ အစီအစဉ် ရှိပါတယ်။

No comments: