Wednesday, June 19, 2013

မြန်မာ အလုပ်သမားတွေကို မလေးရှားနိုင်ငံမှာမပို့ဖို့ အစိုးရညွှန်ကြား

ABC

မလေးရှားနိုင်ငံမှာ ​မြန်မာနိုင်ငံသားတချို့တိုက်ခိုက်ခံခဲ့ရပြီးနောက်မြန်မာအလုပ်သမားတွေကို ​မလေးရှားနိုင်ငံကို ​မပို့ဖို့ ​မြန်မာ ​အလုပ်သမား၊ ​အလုပ်အကိုင်နဲ့ ​လူမှုဖူလုံရေး ​ဝန်ကြီးဌာနက ​ပြီးခဲ့တဲ့ ​တပတ်က ​ညွန်ကြားထားပါတယ်။

မလေးရှားနိုင်ငံမှာ ​သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ ​ကြားနေအဖြစ် ​ဆောင်ရွက်ပေးတဲ့ ​အလုပ်သမား ​အေဂျင်စီတွေကို ​ညွန်ကြားထားတာဖြစ်ကြောင်း ​မြန်မာသတင်းတွေမှာ ​ဖော်ပြထားပါတယ်။ ​ဒီလို ​ညွန်ကြားချက်တွေက ​ယာယီသာဖြစ်မယ်လို့ ​ယူဆပြီး ​အခြေအနေ ​ငြိမ်သက်လာတဲ့အခါ ​ပြန်လည်ပို့ဆောင်နိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

မလေးရှားနိုင်ငံမှာ ​မြန်မာအလုပ်သမား ​အယောက်ပေါင်း ​၃၀၀၀၀၀ ​လောက်ရှိပြီး ​အဲဒီထဲမှာ ​တရားဝင်တဲ့သူရော ​တရားမဝင်တဲ့ ​သူတွေပါ ​ပါဝင်ပါတယ်။ ​အဲ့ဒါ့အပြင် ​မလေးရှားနိုင်ငံမှာ ​ကုလသမဂ္ဂက ​ဒုက္ခသည်အဖြစ် ​အသိအမှတ်ပြုထားတဲ့ ​မြန်မာဒုက္ခသည် ​အယောက်ပေါင်း ​တစ်သိန်းနီးပါးလည်းရှိနေပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ ​မလေးရှားနိုင်ငံက ​စိုက်ပျိုးရေး၊ ​ဆောက်လုပ်ရေးနဲ့ ​တခြားကုန်ထုတ်လုပ်ငန်းတွေမှာ ​တရားဝင်အလုပ်လုပ်ကိုင်ခွင့် ​ရရှိကြောင်းလည်း ​သိရပါတယ်။ ​မလေးရှားနိုင်ငံမှာ ​မြန်မာနိုင်ငံက ​လူတွေအချင်းချင်းကြား ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခကြောင့် ​လူ ​၆ ​ယောက်လောက်သေဆုံးခဲ့ရပြီး ​လုံခြုံရေးအတွက် ​စိုးရိမ်လို့ ​မြန်မာနိုင်ငံကို ​ပြန်လာကြသူတွေလည်း ​ရာကျော်ရှိသွားပြီ ​ဖြစ်ပါတယ်။

ပဋိပက္ခတွေကြောင့် ​မလေးရှားအစိုးရက ​မြန်မာနိုင်ငံသား ​အယောက် ​၁၀၀၀ ​လောက်ကို ​ဖမ်းဆီး ​မေးမြန်းပြီးနောက် ​အယောက် ​၂၀၀ ​လောက်ကိုတော့ ​ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ ​အဲဒီထဲက ​အယောက် ​၅၀ ​ကိုတော့ ​ဒုက္ခသည်ကဒ်ပြားအတု ​ကိုင်ဆောင်မှုနဲ့ ​တရားစွဲဆိုထားကြောင်း ​မလေးရှားနိုင်ငံထုတ် ​The ​Star ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ဒါပေမယ့် ​တရားစွဲခံရတဲ့ ​မြန်မာတွေက ​သူတို့ ​ကိုင်ဆောင်ထားတဲ့ ​ကဒ်ပြားတွေဟာ ​စစ်မှန်ကြောင်း ​ထွက်ဆိုကြတဲ့အတွက် ​ဇူလိုင်လ ​တစ်ရက်နေ့မှာ ​တရားရင်ဆိုင်ရမှာ ​ဖြစ်ပါတယ်။ ​သူတို့ကို ​ပြစ်မှုထင်ရှားတွေ့ရှိမယ်ဆိုရင် ​မလေးရှားရင်းဂစ် ​တစ်သောင်း၊ ​ဒါမှမဟုတ် ​ထောင်ဒဏ် ​၅ ​နှစ် ​ဒါမှမဟုတ် ​ကြိမ်ဒဏ် ​၆ ​ချက် ​ချမှတ် ​ခံရဖွယ်ရှိတယ်လို့လည်း ​ဖော်ပြထားပါတယ်။

တဆက်ထဲမှာပဲ ​မလေးရှားနိုင်ငံရောက် ​မြန်မာနိုင်ငံသားတွေကို ​တခြားနိုင်ငံသားတွေနည်းတူ ​စောင့်ရှောက်ခံရဖို့အတွက် ​တောင်းဆိုတဲ့အနေနဲ့ ​မြန်မာလူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်က ​မြန်မာနိုင်ငံရှိ ​မလေးရှားသံရုံးမှာ ​ဆန္ဒပြဖို့ ​ခွင့်တောင်းပေမယ့် ​ခွင့်ပြုချက်မရတဲ့အကြောင်း ​ဒီကိစ္စကို ​ဖြေရှင်းဖို့ ​မြန်မာဝန်ကြီးတချို့ ​မလေးရှားနိုင်ငံကို ​သွားရောက်ပြီဆိုတဲ့အကြောင်း ​အာဏာပိုင်တွေက ​အကြောင်းကြားခဲ့တယ်လို့ ​မိဇ္ဈမ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

No comments: