Tuesday, June 18, 2013

ဧရာဝတီဖောင်ဒေးရှင်းအကူအညီဖြင့် မလေးရောက် မြန်မာ ၂၅ ဦး ပထမဆုံး ပြန်လည်ရောက်ရှိ

မင်းမင်း | အင်္ဂါနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၃

မလေးရှားတွင် မြန်မာများ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် ပြန်လာ ကြသည့် ပထမဆုံးအသုတ် လူ ၂၅ ဦးမှာ ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။

၎င်းတို့အနက် ၁၆ ဦးမှာ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားရာ ဆလာရန်းမြို့နယ်အနီးတစ်ဝိုက်မှဖြစ်ကြပြီး အကြမ်းဖက်ခံရမှုကြောင့် မေ ၃ဝ ရက်က ဒဏ်ရာရရှိခဲ့သည့် ကိုထွန်းမော်သိန်းလည်း ပါဝင်သည်။

ကိုထွန်းမော်သိန်းကို ရန်ကုန်မြို့ရှိ ဝိတိုရိယ ဆေးရုံတွင်ဆေးကုသပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်များကိုလည်း ဧရာဝတီဖောင်ဒေးရှင်းကသာ အကုန်အကျခံမည်ဖြစ်သည်ဟု ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောသည်။

မလေးရှားမှ ပြန်လည်ရောက်ရှိလာသူများ၏ ပြောဆိုချက်အရ မြန်မာနိုင်ငံသားအချို့မှာ အလုပ်ရှင်များက ပတ်စ်ပို့ထုတ်မပေးသောကြောင့် မိခင်နိုင်ငံသို့ပြန်လာရန် အခက်အခဲရှိနေသည်။

''အကြမ်းဖက်မှုတွေကြောင့် မိဘတွေက စိုးရိမ်တယ်။ အဲ့ဒါကြောင့် မိဘက ပြန်ခေါ်လို့ပြန်လာတာပါ။ တချို့ကျတော့ အလုပ်ရှင်က ပတ်စ်ပို့ထုတ်မပေးလို့ ပြန်မလာရဘူး'' ဟု ပြန်လည်ရောက်ရှိလာသည့် အသက် ၂၄ နှစ်အရွယ် ကိုဇာနည် က ပြောသည်။

နိုင်ငံကူးလက်မှတ်မရှိသည့် မလေးရှားရောက် မြန်မာများအား မြန်မာသံရုံးက နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက် (Certificate of Identity) ပေးလျှင် ပြည်ဝင်ခွင့်ပေးမည်ဟုလည်း လူဝင်မှုကြီးကြပ်ရေးဌာနဒုညွှန်မှူး ဦးကျော်မြင့် က ဇွန် ၁၆ ရက်က ပြောဆိုထားသည်။

အကြမ်းဖက်ခံရမှုများကြောင့် မြန်မာနိုင်ငံသား ငါးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

No comments: