နိရဉ္စရာ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းနယ်မှ မြန်မာနိုင်ငံ ပလက်ဝနှင့် ကျောက်တော်မြို့နယ်များသို့ ခိုလုံရန် ဖြတ်ကျော် ၀င်ရောက်လာသူ ဗုဒ္ဓဘာသာဝင် ၈၆ ဦးကို သက်ဆိုင်ရာ အာဏာပိုင်များက မောင်တောမြို့နယ်သို့ ပြောင်းရွှေ့ ပေးလိုက်သည်ဟု သတင်း ရရှိသည်။
မိသားစု (၂၃) စု၊ လူဦးရေ ၈၆ ဦး ပါဝင်သော အဖွဲ့အား အာဏာပိုင်များက ကျောက်တော်မြို့မှ တဆင့် စက်လှေများဖြင့် ယမန်နေ့က ပို့ဆောင်ခဲ့သည်ဟု ဘူးသီးတောင်မြို့ပေါ်မှ ကိုဇော်လင်းက ပြောသည်။
“ မနေ့က တနင်္ဂနွေနေ့ ည ၈နာရီ မိနစ် ၂၀ မှာ စက်လှေ ၂ စီးနဲ့ အတူ ကျောက်တော်က တဆင့် ဘူးသီးတောင် ဆိပ်ကမ်းကို သူတို့ ရောက်လာပါတယ်။ အာဏာပိုင်တွေ အစီအစဉ်နဲ့ ပြောင်းရွှေ့ပေးတာပါ။ သူတို့ကို ဧစေတီကျောင်းမှာ တစ်ညဥ့်ထားပါတယ်။ ဒီကနေ့ နံနက်ကတော့ မောင်တောမြို့ကို ကားတွေနဲ့ ထွက်သွားကြပြီ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
အဆိုပါ ဗုဒ္ဓဘာသာ မိသားစု ၂၃ စုသည် ဘင်္ဂလာဒေခ်ျ့တွင် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ခဲ့ရသဖြင့် မြန်မာဘက်သို့ ထွက်ပြေး တိမ်းရှောင်လာကြသူများ ဖြစ်ကြောင်း ပြောသည်။
“ သူတို့တွေထဲမှာ ကလေးတွေရော၊ မိန်းမတွေရော အကုန်လုံးပါဝင်ပါတယ်။ ဘူးသီးတောင်မြို့ နွေးထွေးသူများ အသင်းက ဒန်အိုး ဒန်ခွက်တွေ၊ ပုဆိုး၊ စောင်၊ ခြင်ထောင်တွေ လှူဒါန်းလိုက်သလို ဘူးသီးတောင်မြို့ခံတွေကလည်း မိသားစု တစ်စုကို ကျပ်ငွေ (၂) သောင်းစီ ကူညီ လှူဒါန်းလိုက်ပါတယ်” ဟု ကိုဇော်လင်းက ပြောသည်။
သူတို့အား လောလောဆယ်တွင် မောင်တောမြို့ အမှတ် (၂) ရဲတပ်ရင်းတွင် နေရာချပေးသွားမည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များသည် မြန်မာနိုင်ငံဘက်သို့ တစ်သုတ်ပြီး တစ်သုတ် ၀င်ရောက်လာနေကြရာ အခုအခါ မောင်တောမြို့နယ်တွင် လူပေါင်း တစ်ထောင်ကျော် ရှိသွားပြီဟု သိရသည်။

No comments:
Post a Comment