Thursday, August 22, 2013

လယ်ယာမြေ စုံစမ်းရေးကော်မရှင်က တားမြစ်ထားသော်လည်း ကုမ္ပဏီဘက်မှ ကျူးကျော်ခြံခတ်ဟု လယ်သများက စွပ်စွဲ

အေးအေးကျော်

လယ်သမားနှင့်ကုမ္ပဏီအကြား အငြင်းပွားနေဆဲကာလတွင် လယ်ယာမြေတွင် နှစ်ဖက်လုံး အလုပ်မလုပ်ရန် လယ်ယာမြေ စုံစမ်းရေးကော်မရှင်က တားမြစ်ထားသော်လည်း ကုမ္ပဏီဘက်မှ စတင်၍ လယ်ယာမြေများကို ခြံခတ်မှုပြုလုပ်နေသည်ဟု အဆိုပါလယ်ယာမြေကိစ္စ ဆောင်ရွက်နေသူ ကိုကြည်ရွှင်က မဇ္ဈိမကို ပြောသည်။

လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် အစိုးရက သိမ်းဆည်းထားသည့် လယ်မြေများတွင် လယ်သမားနှင့် အစိုးရဆီမှ တစ်ဆင့်ယူထားသည့် စတားလိုက်ကုမ္ပဏီအကြား အငြင်းပွားနေဆဲဖြစ်ပြီး လယ်ယာမြေ စုံစမ်းရေးကော်မရှင်က အလုပ်မလုပ်ကြရန် တားမြစ်ထားခဲ့သည်။

သိမ်းဆည်းခံ လယ်သမားတစ်ဦးက “ကျွန်တော်တို့ လယ်သမားတွေက တားပါတယ်။ ပြောလည်း ပြောတယ် ဒီလိုမျိုး အဓမ္မ ၀င်ရောက်သိမ်းဆည်းတာ မလုပ်သင့်ပါဘူး၊ ညှိနှိုင်းသင့်ပါတယ်၊ အရင်တုန်းက အိမ်ရာ စီမံကိန်း ဆိုပြီး သိမ်းသွားတယ်၊ လယ်သမားတွေအပေါ်ကို မြေကွက်က ဘယ်နေရာပေးမယ် ဘယ်လောက် တန်ဖိုးပေးမယ်ဆိုတာ တိတိကျကျ မရှိဘူး”ဟု ပြောသည်။

အငြင်းပွားနေသည့် လယ်ဧက စုစုပေါင်းမှာ ၁၀၀ နီးပါးရှိပြီး ကုမ္ပဏီမှ လာရောက်ခြံခတ်သည့် မြေဧကမှာလေးဧကခန့်ရှိကာ ငါးကန်လုပ်ရန် ပါမစ်ကျထားသည့် မြေနေရာများဖြစ်သည်ဟု လယ်သမားက ဆိုကြသည်။

ယခုကိစ္စကို စတားလိုက်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “လယ်သမားတွေက လျော်ကြေးလည်းယူထားပြီး ပါပြီ။ ပြန်ပြီး လိုချင်တယ်ဆိုတဲ့ သဘောပါ၊ လူအင်အားသုံးပြီး ခြံစည်းရိုး လာခတ်တယ်ဆိုတာလည်း ကျွန်တော်တို့ ကုမ္ပဏီက မဟုတ်ပါဘူး၊ အဲဒီကပိုင်တဲ့ မြေပိုင်ရှင်တွေပဲ လုပ်တာနေမှာပါ”ဟု လယ်သမား များ၏ စွပ်စွဲချက်ကို ပြန်လည် ငြင်းဆိုလိုက်သည်။

ထို့ပြင် အဆိုပါ လယ်မြေများအတွက် ၁၉၈၅ ခုနှစ်ကတည်းက လျော်ကြေးပေးထားကြောင်း လယ်သမားများ ကိုင်ထားသည့် စလစ်များမှာလည်း အတုတွေသာဖြစ်ကြောင်း တုန့်ပြန်ပြောဆိုသွားသည်။

၎င်းကုမ္ပဏီဘက်မှလည်း မြေယာအငြင်းပွားမှုများနှင့် ပတ်သတ်၍ လွှတ်တော် ကိုယ်စားလှယ်အမတ် ဦးအောင်သိန်းလင်းထံသို့လည်း ပေးပို့ထားကြောင်း ၎င်းမှ ထပ်မံပြောသည်။

လယ်သမားအရေး ဆောင်ရွက်သူ ကိုကြည်ရွှင်က “အမှတ်(၅)ရပ်ကွက်ဥက္ကဋ္ဌကလည်း မင်းတို့ လယ်ယာမြေ စုံစမ်းရေးကော်မရှင်က ဘာလုပ်ပေးနိုင်လဲလို့ ပြောတယ်၊ ကုမ္ပဏီဘက်က တွေ့ပါတယ်၊ ဒါပေမဲ့ သူတို့က လယ်သမားတွေနဲ့ တွေ့တာမဟုတ်ဘူး၊ လယ်ရှင်တွေကငှားထားတဲ့ စာရင်းငှားတွေနဲ့ တွေ့တယ် တကယ်တမ်း ဒါက လယ်သမားတွေနဲ့ တွေ့ရမှာပါ”ဟု ဆိုသည်။

လှိုင်သာယာမြို့နယ်မှ သိမ်းဆည်းခံ လယ်မြေ ဧက ၁၀၀ နီးပါးရှိပြီး လယ်သမား ခုနစ်ဦး ပိုင်ဆိုင်ကာ ၁၉၈၉ ခုနှစ်မှစ၍ အိုးအိမ်မှ သိမ်းဆည်းကာ စတားလိုက်ကုမ္ပဏီသို့ အိမ်ရာစီမံကိန်းအတွက် လွှဲပြောင်းပေးအပ် လိုက်ကြောင်း သိရပြီး ယခုအချိန်တွင် မြေဧက ၁၀၀ နီးပါးစလုံးတွင် လယ်မြေများမှာ မည်သည့် အဆောက် အအုံမျှ ဆောက်လုပ်ထားခြင်း မရှိပေ။

No comments: