Friday, November 22, 2013

လက်ပံတောင်းဒေသခံများ မိမိတို့လိုလားချက်များကို ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရန် ကော်မတီတိုက်တွန်း

နေမျိုး

ဥပဒေမဲ့ ဖြေရှင်းနေသရွေ့ လက်ပံတောင်းအရေး ပြေလည်မည်မဟုတ်ဟု ဒေသခံများဘက်ကဆို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း နေထိုင်သော ဒေသခံများအနေဖြင့် လိုလားချက် များနှင့်ပတ်သက်၍ ဥပဒေဘောင်အတွင်းမှ နည်းလမ်းတကျ ဖြေရှင်းသွားကြရန် လိုသည်ဟု လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အ ထည်ဖော် ဆောင်ရွက်မည့် ကော်မတီက တိုက်တွန်းကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက် သည်။

ယင်းကော်မတီက လက်ပံတောင်းတောင်ဧရိယာအတွင်း စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများကို နိုဝင်ဘာ၂၁ ရက် နိုင်ငံပိုင်သတင်းစာများတွင် ဖော် ပြထားသည့်အပြင် ဒေသခံများကိုလည်း ယင်းသို့ တိုက်တွန်း ပြောကြားလိုက်သည်။

ကော်မတီက ယင်းသို့ ပြောကြားသော်လည်း မြေယာလျော်ကြေး မယူသေးသည့် လက်ပံတောင်း ဒေသ ခံများကို တရားဥပဒေမဲ့ပြုမူနေပါက လက်ပံတောင်းအရေးမပြေလည်နိုင်ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ဝင်တစ်ဦးဖြစ်သူ ဒေသခံ ကိုအောင်ဇော်ဦးက နိုဝင်ဘာ ၂၁ တွင် မဇ္ဈိမကို ပြောသည်။

၎င်းက “ပြေလည်အောင် ညှိနှိုင်းမှုမရှိသေးတော့ ဘယ်လိုမှ မပြေလည်နိုင်ဘူး။ မြေယာလျော်ကြေး မယူ တဲ့ မြေတွေပေါ်မှာ ဘူဒိုဇာနဲ့ တက်ထိုးတာတွေ၊ အတင်း ခြံစည်းရိုးခတ်တာတွေ လုပ်နေသရွှေ့ ဘယ်လို မှ ပြေလည်မှုရှိမှာမဟုတ်ဘူး”ဟု ပြောသည်။

နိုဝင်ဘာ ၂၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ကော်မတီ၏ လုပ်ကိုင်ထားသည်များ ကို တင်ပြထားပြီး မြေယာနစ်နာကြေးနှင့် သီးနှံလျော်ကြေးပေးအပ်ထားခြင်း၊ စိုက်ပျိုးမြေ ပြန်လည်ဖော် ထုတ်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး စီစဉ်ထားမှုများ၊ ဒေသခံများအလုပ်အကိုင်ရရှိရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး အစရှိသည်တို့ကို ဆောင်ရွက်ထားသည်ဟု ပါရှိသည်။

ကိုအောင်ဇော်ဦး “တကယ်တမ်း လျှပ်စစ်မီးတွေ ဘာတွေ ဖွံ့ဖြိုးရေးဆိုတာလည်း ကျွန်တော်တို့ဆီ ဘာမှ လုပ်မပေးဘူး”ဟုလည်း ပြောသည်။

အကောင်အထည်ဖော်ရေး ကော်မတီအနေဖြင့် ယင်းသို့ ပြောဆိုနေသော်လည်း ကော်မတီအနေဖြင့် တရားဥပဒေစိုးမိုးမှုမရှိဟု မြေယာလျော်ကြေး မရယူသေးသည့် ၀က်မှေးရွာမှ မသွဲ့သွဲ့ဝင်းက မဇ္ဈိမကို ပြောသည်။

၎င်းက “အကောင်အထည်ဖော်ရေးကော်မတီ တရားဥပဒေစိုးမိုးမှုရှိရင် ကျွန်မတို့က လက်ခံနိုင်တယ်။ အခုဟာက မရှိလို့၊ သူတို့ပြောတာတွေကို ကျွန်မတို့က လုံးဝ လက်မခံနိုင်ဘူး။ ဒေသခံတွေနဲ့ အကျေ အလည် ညှိနှိုင်းဆွေးနွေးလို့ရရင် စီမံကိန်းကို ပြန်စလို့ရတယ်လေ။ မပြေလည်တဲ့အပြင် ဒေသခံတွေကို အကြမ်းပတမ်း ဖြိုခွင်းတယ်။ တရားဥပဒေစိုးမိုးမှုမရှိဘူး။ ကျွန်မတို့ ဒေသခံတွေ အကုန်လုံးက တရားဥပ ဒေစိုးမိုးမှုရှိမယ်ဆိုရင်၊ အကျေအလည်ညှိနှိုင်းမယ်ဆိုရင် ဒီစီမံကိန်း ပြန်စနိုင်မှာပါ။ ကျွန်မတို့ လက်ခံနိုင် တဲ့ အတိုင်းအတာဆို ကျွန်မတို့က လက်ခံမယ်”ဟု ပြောသည်။

အကောင်အထည်ဖော်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် စီမံကိန်းအတွက် မလိုအပ်သောမြေမှ ၂၈၃ ဒသမ ၆၉ ဧကအား တောင်သူများသို့ ပြန်လည် ပေးအပ်ခဲ့ရာ မြေဧရိယာ၂၄၄ ဒသမ၂၁ ဧကအား လယ် ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များနှင့်အတူ ပြန်လည် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြသည်။

ယင်းအပြင် မြေယာနစ်နာကြေးနှင့် သီးနှံလျော်ကြေးအတွက် လျော်ကြေးနှစ်ကြိမ် ပေးအပ်ခဲ့ပြီး စုစုပေါင်း ၇၇၂၁၃ ဒသမ ၀၇ သိန်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်းတွင် မြေယာလျော်ကြေးယူသည့် ဒေသခံများရှိသော် လည်း မယူသေးသည့်သူများလည်း ရှိနေပြီး ၎င်းတို့နှင့် အာဏာပိုင်များ အကြိမ်ကြိမ် ထိပ်တိုက်တွေ့မှု များ ရှိခဲ့သည်။

No comments: