အောင်ကိုဦး
လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းကာလတွင် မန္တလေးမြို့၌ လာရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် စီစဉ်ထားသော ဟိုတယ်များကို တိုင်းဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက နိုဝင်ဘာလ ၂၀ရက် မွန့်တည့် ၁၂နာရီက လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
"ဟိုတယ်တွေကို စစ်ဆေးတာကတော့ ကြိုတင်ပြင်ဆင်ထားမှုကို သိချင်လို့ပါ"ဟု မန္တလေးတိုင်း ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက မဇ္ဈိမကို ပြောသည်။
ဝန်ကြီးဦးမြင့်ကြူက ဟိုတယ်၏ အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းမှုအပိုင်းနှင့် အင်တာနက်လိုင်း ချိတ်ဆက်မှုများနှင့် လုံခြုံရေးအတွက် CCTVကင်မရာများ ချိတ်ဆက်ထားမှုများကို လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ဟိုတယ်များ၏ နားနေခန်း၊ စားသောက်ခန်း၊ အိပ်ခန်း၊ စားဖိုဆောင်များကို လိုက်လံစစ်ဆေးခဲ့သည်။
မန္တလေးမြို့မှ ဂရိတ်ဝေါဟိုတယ်၏ လက်ထောက်မန်နေဂျာ ကိုဇော်မင်းလေးက "ကျွန်တော်အဆင်သင့်ဖြစ်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်။ လုံခြုံရေးအတွက်လည်း လက်ရှိ CCTV ၁၅လုံးတပ်ဆင်ထားပါတယ်။ နောက်ထပ် ၁၅လုံးထပ်တပ်ဖို့ ဆောင်ရွက်နေပါတယ်။ လုံခြုံရေးစက် (Walk Through)လည်း တပ်ဆင်ပြီးပါပြီ"ဟု မဇ္ဈိမကို ပြောသည်။
ဆီးဂိမ်းတွင် မန္တလေး၌ အမျိုးသမီး ဘောလုံးအားကစား တစ်ခုသာ ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးတစ်သင်းအတွက် ဟိုတယ်ခန်း ၁၅ခန်းသတ်မှတ်ထားပြီး ခြောက်သင်းစာအတွက် အခန်းပေါင်း ၉၀ စီစဉ်ထားသည်။
ဆီးဂိမ်းကာလအတွက် မန္တလေးတွင် ဟိုတယ်ခြောက်ခု စီစဉ်ထားပြီး ဘဏ္ဍာရေးဝန်ကြီးက နိုဝင်ဘာ ၂၀ရက်တွင် ဂရိတ်ဝေါဟိုတယ်၊ ဆင်ဖြူဟိုတယ်၊ မင်းသားကြီးဟိုတယ်နှင့် ဟိုတယ်မန္တလေးတို့ကို စစ်ဆေးခဲ့သည်။
၂၇ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ငွေဆောင်တို့တွင် ဒီဇင်ဘာလ ၁၁ရက်မှ ၂၂ရက်အထိ ကျင်းပမည်ဖြစ်သည်။
No comments:
Post a Comment