အေးမြင့်စန်း
တိုင်းရင်းသားရေးရာဝန်ကြီးများ၏ အဆောင်အယောင်နှင့် ခံစားခွင့်များကိုပြီးခဲ့သည့် နှစ်ကတည်းကပေး အပ်ပြီးဖြစ်သော်လည်း အလုပ်တာဝန်မှာမူယနေ့အထိ သတ်သတ်မှတ်မှတ်မရှိသေးဟု တိုင်းရင်းသားရေး ရာဝန်ကြီးအချို့က မဇ္ဈိမကိုပြောသည်။
“တိုင်းရင်းသားရေးရာဝန်ကြီးတွေကို သီးသန့်တာဝန်ချထားပေးတာ မရှိသေးဘူး” ဟု ကရင်ပြည်နယ်၏ မွန်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးနိုင်ချစ်ဦးကဆိုသည်။
တိုင်းရင်းသားရေးရာဝန်ကြီးများကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းများတွင် လူဦးရေ စုစုပေါင်း၏ တစ်ရာခိုင်နှုန်းရှိသည့် လူမျိုးစုများအားကိုယ်စားပြုရန် ခန့်အပ်ရခြင်းဖြစ်သည်။
၎င်းတို့ကို လွှတ်တော်တက်ခွင့်သာပေးထားပြီး သီးခြားတာဝန်ပေးထားမှုမရှိဟု တိုင်းရင်းသားရေးရာဝန်ကြီးများက ဆိုသည်။
“ငြိမ်းချမ်းရေးဖော်ဆောင်လုပ်ငန်းတွေမှာ တိုင်းရင်းသားအရေးတွေမှာ တာဝန်တွေချထားပေးဖို့ လိုအပ်ပါတယ်”ဟု ဦးနိုင်ချစ်ဦးကသုံးသပ်သည်။ ယနေ့အချိန်အထိ ကိစ္စရပ်များတိုင်းတွင်ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုဖြင့်သာ ဆောင်ရွက်နေရသည်ဟု ၎င်းတို့ကပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၇ ရက်က နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံပြီး နောက်လစာကျပ်လေးသိန်းခွဲ၊ ရုံးသုံးကားတစ်စီးနှင့် နေထိုင်ရန်အိမ်မရှိပါက ရုံးစိုက်ရာမြို့တွင် ကုန်ကျ မည့်အိမ်ငှားရမ်းခစရိတ် ခံစားခွင့်များပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ပေးထားတဲ့လစာတွေနဲ့ အလကားထိုင်မနေချင်ဘူး” ဟု ဦးချစ်နိုင်ဦးက ဆိုသည်။
တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရားဝင် ပါဝင်ခွင့် ရရန်လိုလားသည်ဟုလည်း ၎င်းတို့ကဆိုကြသည်။ ယင်းသို့ပါဝင်ခွင့်ပြုပါက ငြိမ်းချမ်းရေးလုပ်ငန်းများ ပိုမို ထိရောက်ရန်ကူညီပေးနိုင်သည်ဟု တိုင်းရင်းသားရေးရာဝန်ကြီးတို့က ယုံကြည်နေကြသည်။
“တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ အခန်းကဏ္ဍကိုမြှင့်တင်ပေးဖို့ လုပ်ငန်းတာဝန်တွေသီးခြားချထားပေး ရင်ငြိမ်းချမ်းရေးလုပ်ငန်းတွေ ထိရောက်မြန်ဆန်စေဖို့ တွန်းအားတွေဖြစ်လာမှာပါ” ဟု မွန်ပြည်နယ်၊ ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်ကျော်သိန်းက ဆိုသည်။
တိုင်းရင်းသားရေးရာဝန်ကြီးများ ယခုရရှိနေသည့် လစာနှင့် အဆောင်အယောင်များသည်ပင်လျှင် နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအထိ ဆုံးဖြတ်ချက်ယူပြီးမှရရှိခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားရေး ရာဝန်ကြီးများ၏ အဆောင်အယောင်ရရှိခွင့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီဆုံးဖြတ်စေခဲ့ရခြင်း ဖြစ်သည်။ ယင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်၌ ခံစားနိုင် ကြောင်း ဆုံးဖြတ်ပေးခဲ့သည်။
“တိုင်းရင်းသားဝန်ကြီးတွေရဲ့ကဏ္ဍကို အာရုံစိုက်လာတယ်လို့ပြောနိုင်တဲ့ အခြေအနေတစ်ခုတော့ ရောက်လာပါတယ်” ဟု အဆိုပါကိစ္စကို ဖွဲ့စည်းပုံခုံရုံးသို့ ဦးဆောင်တင်သွင်းခဲ့သူ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။
တိုင်းရင်းသားရေးရာဝန်ကြီးများကို ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ပင် ပါဝင်ခွင့်ပြုမထားခြင်း အပေါ်နားမလည်နိုင်ဟု သုံးသပ်သူတို့ကဆိုသည်။
“ခုထိတိုင်းရင်းသားရေးရာဝန်ကြီးတွေကို မှေးမှိန်အောင်ထားပေးထားတယ်။ သူတို့မှာ ရည်မှန်းချက်တော့ရှိလိမ့်မယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။
သက်ဆိုင်ရာဒေသအသီးသီးရှိ လူမျိုးစုများအရေးကို ကာကွယ်နိုင်ရန်၊ ဦးဆောင်အကောင်အထည်ဖော် ရန်တာဝန်ရှိသည့် တိုင်းရင်းသားရေးရာဝန်ကြီးများအား သီးခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိကျစွာ သတ်မှတ်ပေးရန်လိုနေပြီဟု ၎င်းတို့ကဆိုသည်။ လက်ရှိလူဦးရေ စာရင်းများအရ ပြည်နယ်နှင့် တိုင်းအသီးသီးတွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး ခန့်အပ်ထားပြီးဖြစ်သည်။
No comments:
Post a Comment