Friday, November 22, 2013

လုပ်ငန်းအချို့တွင် ကျောင်းနေအရွယ် ကလေးငယ်များ ငှားရမ်းစေခိုင်းခံနေရဆဲဟုဆို

ကွန်းချမ်း

စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းနှင့် လူသုံးကုန်ထုတ်လုပ်ငန်းများတွင် ကျောင်းနေအရွယ်ကလေးငယ်များ ငှားရမ်းစေခိုင်းခံနေရဆဲဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ၏ လုပ်ငန်းအစီ အစဉ်တစ်ခုဖြစ်သည့် အမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ် (WCRP) က နိုဝင်ဘာ ၂၀ တွင် ကျ ရောက်သော အပြည်ပြည်ဆိုင်ရာ ကလေးများနေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

မွန်ဒေသအတွင်း အလုပ်လုပ်ကိုင်နေကြရသည့် ကလေးသူငယ်များ၏ဘ၀ပုံရိပ်များကို အင်္ဂလိပ်ဘာသာ ဖြင့် ထင်ဟပ်တင်ပြထားသည့် စာမျက်နှာ ၅၅ မျက်နှာပါ “CHILDREN FOR HIRE” (ငှားရမ်းစေခိုင်းခြင်း ခံနေရသော ကလေးများ) အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာဘာသာဖြင့် ရေးသားထားသည့် အစီရင်ခံစာအကျဉ်းတွင်လည်း “ကောက်ခံရရှိသည့် အချက် အလက် မှတ်တမ်းအရ စိုက်ပျိုးရေး ကုန်ထုတ်ကဏ္ဍများဖြစ်သည့် ရော်ဘာခြံလုပ်ငန်း၊ ကွမ်းခြံလုပ်ငန်း များအပြင် လူသုံးကုန်ထုတ်လုပ်သည့် ပရိဘောဂလုပ်ငန်းများ၊ စားသောက်ဆိုင်နှင့် ဈေးဆိုင်များတွင် ကလေးလုပ်သားများ နေရာအနှံ့ အလုပ်လုပ်ကိုင်နေရကြောင်း တွေ့ရှိရသည်”ဟု ဖော်ပြထားသည်။

အလုပ်စေခိုင်းခံရခြင်းနှင့် ပတ်သက်၍ WCRP ၏ အစီအစဉ်ညှိနှိုင်းဆောင်ရွက်သူ မိထောချမ်းက “တချို့ ကလေးတွေက မိဘတွေ ရှမ်းပြည်(ထိုင်း)ကို သွားလိုက်ကြလို့ အဘိုးအဘွားတွေနဲ့နေရတယ်။ တချို့က မိဘတွေ ဆုံးသွားကြလို့၊ တချို့က မိဘတွေ ကွဲနေကြလို့၊ တချို့က စာသင်ကျောင်းနဲ့ ဝေးပြီး ကျောင်း စရိတ်မြင့်လို့”ဟု ပြောသည်။

ယခုနှစ်အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်၊ ရေး မြို့နယ်များ၊ တနင်္သာရီတိုင်း ထားဝယ်၊ ရေဖြူမြို့နယ်များရှိ ကျေးရွာများ၊ မွန်ပြည်သစ်ပါတီ ဧရိယာအ တွင်းရှိကျေးရွာများနှင့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူဒေသများတွင် အချက်အလက် စုဆောင်းကာ အထက်ပါ အစီရင်ခံစာကို ထုတ်ပြန်ခြင်း ဖြစ်သည်။

အလုပ်စေခိုင်းခံနေရသည့် ကလေးငယ်များမှာ အသက် ခုနစ်နှစ်မှ ၁၇ နှစ်အတွင်း ဖြစ်ကြပြီး၊ အများစုမှာ ရော်ဘာစေးသိမ်းသည့်လုပ်ငန်း၊ ပရိဘောဂစက်ရုံလုပ်ငန်းနှင့် လမ်းဘေး ပလတ်စတစ်အိတ်ကောက် အလုပ်များတွင် လုပ်ကိုင်ကြသူများဖြစ်ကာ အပင်ပန်း အခက်ခဲဆုံးမှာ ပရိဘောဂစက်ရုံလုပ်ငန်းဖြစ်သည် ဟု ဆိုသည်။

မိထောချမ်းက “ဘုရားသုံးဆူနယ်စပ် ပရိဘောဂစက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးတွေဆိုရင် လုပ်အား ခက အရမ်းနည်းပြီး အလုပ်ချိန်က တအားများတယ်။ အန္တရာယ်လည်းများတယ်”ဟု ပြောသည်။

ပရိဘောဂစက်ရုံမှ ကလေးများသည် တစ်နေ့လျှင် ထိုင်းငွေ ဘတ် ၆၀ နှင့် ၇၀ ကြား (၂၀၀၀ ကျပ်ခန့်) ရရှိကြပြီး၊ ရော်ဘာစေးသိမ်း ကလေးငယ်များမှာ တစ်လ သုံးသောင်းကျပ် (တစ်ရက် ၁,၀၀၀ ကျပ်)နှင့် ပလတ်စတစ်အိတ်ကောက် ကလေးများမှာမူ တစ်ရက် (၁,၅၀၀) ကျပ် ၀န်းကျင်ခန့် ရရှိကြသည်ဟု မိထောချမ်းက ပြောသည်။

ကျောင်းနေရွယ် အလုပ်သမား ကလေးငယ်များအကြောင်း လေ့လာနေသည့် ရေးမြို့နယ် ဒူးယားရွာမှ ကိုချမ်းက “ပလတ်စတစ်ကောက်တဲ့ ကလေးတွေရဲ့ဘ၀ဟာ တော်တော်ရင်နာဖို့ကောင်းတယ်။ သူတို့ လာပြီဆိုရင်လူတွေက သူခိုးလေးတွေဆိုပြီး ဟောက်ဟောက်ထုတ်ကြတယ်။ သူတို့ ဘယ်လိုဘ၀ ဘယ် လိုအသိုင်းအ၀ိုင်းမှာ ရှင်သန်လာရတာကို လူတွေက မလေ့လာကြဘူး”ဟု ပြောသည်။

“ကလေးတစ်ယောက်ကို ကျွန်တော်က သားကို ကျောင်းထားပေးမယ်။ မုန့်လည်း ဦးဦး၊ ၀ယ်ကျွေးမယ်” ဆိုတော့ ကလေးက “သားကျောင်းလည်း နေချင်တယ်။ မုန့်လည်း စားချင်တယ်။ ဒါပေမဲ့ သားဖေဖေကို ဘယ်သူလုပ်ကျွေးမလဲ”တဲ့။ တကယ်တော့ ကလေးရဲ့အဖေဟာ ဒုက္ခိတတစ်ယောက်။ ဒါကို လူတွေက မသိထားကြဘူး”ဟု ကိုချမ်းက ဆက်ပြောသည်။

ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု မရှိခြင်း၊ မြေယာ လက်ဝယ်ကင်းမဲ့ခြင်း၊ ရွှေ့ပြောင်း အခြေချ နေ ထိုင်ရခြင်း၊ လက်နက်ကိုင် ပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၏ အကျိုးသက်ရောက်မှုများ သည် ကလေးလုပ်သားများ တိုးပွားလာစေရန် ဖန်တီးသည့် အဓိက အကြောင်းရင်းများ ဖြစ်သည်ဟု အ ထက်ပါအစီရင်ခံတွင် ထောက်ပြထားသည်။

WCRP သည် ထိုအစီရင်ခံစာအတွက် ကျောင်းနေရွယ် အလုပ်သမား ကလေးငယ်များ၊ ကလေးမိဘများ၊ ကျန်းမာရေးလုပ်သားများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ စသည့် နယ်ပယ်စုံမှ လူပုဂ်္ဂိုလ် ၆၇ ဦးကို တွေ့ဆုံမေးမြန်းခဲ့သည်ဟု ဆိုသည်။

မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ၏ လုပ်ငန်းအစီအစဉ်တစ်ခုဖြစ်သည့် အမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ် (WCRP) ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး မွန်ဒေသတွင်း အမျိုးသမီး နှင့် ကလေးအခွင့်အရေးများ တိုးတက်ကောင်းမွန်လာစေရေးနှင့် ကာကွယ်မြှင့်တင်ရေးအတွက် အဓိက ထား ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။

No comments:

Post a Comment