Friday, November 22, 2013

အော်ဂဲနစ် မြေသြဇာအရည် တစ်လလျှင် လီတာတစ်သောင်း ထုတ်မည်

သီဟကိုကို

အော်ဂဲနစ် (သဘာဝ) မြေသြဇာအရည်များကို တစ်လလျှင် လီတာတစ်သောင်း ထုတ်လုပ်နိုင်ပြီး ဈေးကွက် ပိုမိုရရှိလာပါက တိုးချဲ့ထုတ်လုပ်သွားရန် အဆင်သင့်ရှိသည်ဟု တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီ၏ အထွေထွေအတွင်းရေးမှူး ဦးသက်ဇော်က မဇ္ဈိမသို့ နိုဝင်ဘာ ၂၁ တွင် ပြောသည်။

ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် သုံးစွဲမှုအားနည်းသည့် အော်ဂဲနစ် မြေသြဇာအရည်များကို ဧရာဝတီတိုင်းနှင့် မကွေးတိုင်းဒေသများတွင် နမူနာစမ်းသပ်သုံးစွဲလျက်ရှိပြီး ရလဒ်များ ကောင်းမွန်သည် ဟု ပြောသည်။

ထုတ်လုပ်ရန် ခွင့်ပြုချက်ရသည်နှင့် ဈေးကွက်သို့ ဖြန့်ချိသွားမည်ဖြစ်ပြီး လက်ရှိတွင် လယ်/ဆည် ၀န်ကြီး ဌာနက စစ်ဆေးနေသည်။နှစ်ကုန်ပိုင်းတွင်ရောင်းနိုင်မည်ဟုခန့်မှန်းထားသည်။

ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် သုံးစွဲမှုအများဆုံးဖြစ်သည့် ပုလဲနှင့် ယူရီးယား ဓာတ်မြေသြဇာ များမှာ ရေရှည်တွင် မြေဆီလွှာထိခိုက်မှုများပြားပြီး သဘာဝဓာတ်မြေသြဇာသုံးစွဲခြင်းဖြင့် ရေရှည်တွင် မြေဆီလွှာပျက်စီးမှုများကို ကာကွယ်နိုင်မည်ဟု စိုက်ပျိုးရေးပညာရှင်ဒေါက်တာမင်းအောင်ကပြောသည်။

အော်ဂဲနစ် မြေသြဇာအရည် တစ်လီတာလျှင် ၃၅၀၀ ကျပ် ၀န်းကျင်ဖြင့် ဖြန့်ချိရန်စီစဉ်ထားပြီး ရေ တစ်ဂါလန် ရောနှောသုံးစွဲက တစ်ဧကခန့် သုံးစွဲနိုင်မည်ဖြစ်သည်။

အခြားဓာတ်မြေသြဇာများကို သုံးစွဲပါက ပုလဲဓာတ်မြေသြဇာ တစ်အိတ်ကို အနိမ့်ဆုံးရှစ်ထောင်မှ အမြင့် ဆုံး ကျပ်တစ်သောင်းရှစ်ထောင်ရှိပြီး ယူရီးယားတစ်အိတ်ကို ကျပ်တစ်သောင်းဝန်းကျင် ရှိသည်။

ဈေးနှုန်းကွာခြားသော်လည်း တောင်သူများက သုံးစွဲနေကြ ဓာတ်မြေသြဇာကို မိုပိုသဘောကျသည်ဟု ပဲခူးတိုင်း အနောက်ပိုင်းခရိုင်မှ စိုက်ပျိုးရေးတိုးချဲ့ ပညာပေးဝန်ထမ်းများကဆိုသည်။

စပါး၊ ပဲမျိုးစုံစိုက်ပျိုးမည့် သီးနှံအမျိုးအစားအလိုက် အမျိုးအစားခွဲခြားကာ ထုတ်လုပ်သွားမည်ဖြစ်ပြီး Bio Green အမှတ်တံဆိပ်ဖြင့် ရောင်းချသွားမည်ဟု ကုမ္ပဏီ၏ တာဝန်ရှိသူများကပြောသည်။

တောင်သူလယ်သမားအများပိုင် ကုမ္ပဏီမှ ဇီဝပိုးသတ်ဆေး၊ ကွန်ပေါင်းဓာတ်မြေသြဇာများကို ဆက် လက်ထုတ်လုပ်နိုင်ရန်စီစဉ်လျက်ရှိသည်ဟု ကုမ္ပဏီ၏ တာဝန်ရှိသူများက ပြောသည်။

No comments:

Post a Comment