Friday, November 22, 2013

ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို စီမံခန့်ခွဲရန် လွှတ်တော်ကိုယ်စားလှယ်များ အခက်တွေ့နေ

ဝေမာသိမ့်၊ ဟိန်းကိုစိုး

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ တစ်မြို့နယ် ကျပ်သိန်းတစ်ထောင်သည် ဒေသတွင်း အခြေခံလိုအပ်ချက်များ များပြားစွာရှိနေပြီး ခွဲဝေသုံးစွဲရန်နှင့် အချိန်လောက်ငှမှုမရှိသည့်အတွက် စီမံခန့်ခွဲရမည့် လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် အခက်အခဲများစွာ ရှိနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမကို ပြော သည်။

ယခု ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် အသုံးပြုရန် ခွင့်ပြုထားသည့် ဒေသဖွံ့ဖြိုးရေး တစ်မြို့နယ် သိန်းတစ်ထောင် အသုံးပြုနိုင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည် ထောင်စုလွှတ်တော် အဌမပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ညနေတွင် နိုဝင်ဘာ ၁၅ ရက်တွင် လုပ်ထုံး လုပ်နည်း အမိန့်ညွှန်ကြားစာအား သ၀ဏ်လွှာအဖြစ် ပေးပို့လိုက်ပြီဖြစ်သည်။ ထို့ကြောင့် မြို့နယ်အလိုက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ဘဏ်စာရင်းဖွင့် စတင် အသုံးပြုနိုင်ပြီဖြစ်သည်။

ဒေသဖွံ့ဖြိုးရေး ကျပ်သိန်းတစ်ထောင်အား အသုံးပြုရန်အတွက် အချိန်ကာလသည် လေးလကျော်ကာလသာ ကျန်ရှိပြီး ဒေသအလိုက် လိုအပ်ချက်များကလည်း များစွာရှိနေသည်။

ထို့အတွက် ရန်ပုံငွေကို လောက်ငစေရန် စီမံခန့်ခွဲနိုင်ရန် တာဝန်ခံရမည့် ကိုယ်စားလှယ်များတွင် များစွာ တာဝန်ရှိသည့် အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် နာမည်ကောင်းရခြင်းနှင့် နာမည်ပျက်ခြင်း နှစ်ခု ကြား လုပ်ရကိုင်ရခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သီပေါမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ရန်ပုံငွေသိန်းတစ်ထောင်နှင့်ပတ်သက်၍ ဝေဖန်ထောက် ပြလိုက်သည်။

ဖွံ့ဖြိုးရေးသုံးမယ့်နေရာမှာက ကိုယ်စားလှယ်တွေအတွက် ကောင်းတာက နောက်နောင် ရွေးကောက်ပွဲ အတွက် မဲဆန္ဒတွေအတွက် အထောက်ပံ့ဖြစ်နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်အပြင် ခုနပြောခဲ့သလို ဒီပိုက် ဆံကို သေချာမသုံးနိုင်တဲ့အခါမှာလည်း နာမည်တွေ ပျက်နိုင်မယ်။ နောက်တစ်ခုက တစ်ခုကို သိန်း(၅၀) ဆိုတော့ ဥပမာ တံတားတစ်ခု ဆောက်တယ်ပဲထား၊ သိန်း(၁၀၀)လောက်ကုန်ရင် ဘာလုပ်ရမလဲ ပြည် သူတွေကိုပဲ ၀ိုင်းစိုက်ခိုင်းပြီး ထပ်လုပ်မလား၊ ဒါမှမဟုတ် နောက်နှစ်မှာပဲ ဆက်လုပ်မှာလားဆိုတဲ့ အခက် ခဲတွေ ရှိနိုင်မယ်”ဟု ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကန့်ကောမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်များအတွက် ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းသုံးထောင်ကို ဒေသများတွင် အဓိက လိုအပ်နေသည့် ရွာချင်းဆက်လမ်းများ ပြုပြင်ဖောက်လုပ်ခြင်း၊ သောက်သုံးရေကန်များပြုလုပ်ပေးခြင်း၊ စာသင်ကျောင်းများ ပြုပြင်ပေးခြင်းများကို ကျေးရွာအထောက်အကူပြုကော်မတီ(၃၅၅)ဖွဲ့မှ အဓိကထား ဆောင်ရွက်မည်ဟု မကွေးတိုင်းဒေသကြီး အမှတ်(၇)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။

၎င်းက “သိန်းတစ်ထောင်သုံးဖို့က သုံးလကျော်လောက်ပဲ ကျန်တော့တယ်။ ဒီလထဲ ငွေလွှဲမယ်လို့ ပြော တယ်။ သိန်း ၅၀ အောက် သုံးရမှာဆိုတော့ ရပ်ရွာတွေရဲ့ ရေရှိရေး၊ ကွန်ကရစ်ရေကန်၊ စာသင်ကျောင်း အမိုးပြင်တာ၊ ကျိုးနေတဲ့တံတားကို ဖာပေးတာ၊ ကျေးရွာဆက်လမ်း လုပ်ပေးတာ၊ ရုပ်ပျက်နေတဲ့ ကျေး လက်ကျန်းမားရေးဆေးခန်း ပြုပြင်ပေးတာလောက်တော့ လုပ်ပေးသွားမယ်။ အခုလောလောဆယ် ရန်ပုံ ငွေမလာခင် ရွာဘုန်းကြီးတွေက စိုက်ထုတ်ပြီး စလုပ်နေပြီ”ဟု ပြောသည်။

ဒေသခံပြည်သူများက ကိုယ့်ဒေသရပ်ရွာအတွင်း လိုအပ်နေသည့် ကိစ္စရပ်များအတွက် တင်ပြလာသည် များထဲမှာ ကျပ်သိန်း(၅၀)အောက် လုပ်ငန်းများကို အထက်ပါကော်မတီများမှ ကြီးကြပ် ဆောင်ရွက်ပြီး ရပ်ရွာအခြေပြု အထောက်အကူအဖွဲ့များသို့ တိုက်ရိုက်သုံးစွဲ ဆောင်ရွက်ခွင့်ပြုမည့် စနစ်မျိုးကို ကော့က ရိတ်မြို့နယ် မဲဆန္ဒမှ ကိုယ်စားလှယ်များမှ သဘောတူညီထားပြီး ဖြစ်သည်။

ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသူရိန်ဇော်က “အခု ရန်ပုံငွေ သိန်းတစ်ထောင်အတွက် ကော့ကရိတ်မှာဆိုရင် လုပ်ငန်း ၅၂ခုအတွက် သုံးရမယ်။ ရတဲ့ရန်ပုံငွေက လုပ် ငန်းသေးတွေကိုပဲ လုပ်လို့ရမယ်။ ကျွန်တော့်မဲဆန္ဒနယ်မှာဆိုရင် ရွာချင်းဆက်လမ်းပြင်တာ၊ တံတားပြင် တာ၊ ရေကန်တူးတာအတွက် ဒီရန်ပုံငွေက မတည်တဲ့ သဘောမျိုးပါ”ဟု ပြောသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအား အကောင်အထည်ဖော် သုံးစွဲရာတွင် သက်ဆိုင်ရာ မြို့နယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များ၊ မြို့နယ်အထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီများမှ ရပ်မိရပ်ဖများ ပါဝင်သည့် ရပ်ရွာအခြေပြု အထောက်အကူပြုကော်မတီများမှ ဒေသလို အပ်ချက်များကို စီမံလုပ်ကိုင် ဆောင်ရွက်ရမည်ဖြစ်သည်။

ရန်ပုံငွေ သိန်းတစ်ထောင်အား ခွဲဝေသုံးစွဲရာတွင် မဲဆန္ဒရှင်များအတွက် လွှတ်တော်ကိုယ်စားလှယ်များ က အဓိကထား လုပ်လိုသော်လည်း မြို့နယ်အထောက်အကူပြု ကော်မတီများကလည်း ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်သည်ဟု ယူဆသည့် အခြားကဏ္ဍများတွင်လည်း အသုံးပြုနိုင်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်နှင့် အထောက်အကူပြုကော်မတီအကြား သဘောထားကွဲလွဲမှုများရှိလာမည်ဖြစ်ကြောင်း၊ ထို့အပြင် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် သဘောထားကွဲလွဲမှုများ ရှိ နိုင်ကြောင်းကိုလည်း သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ထောက်ပြ သည်။

သင်္ဃန်းကျွန်းမြို့နယ် အထောက်ကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးခင်ဝေ “ရန်ပုံငွေတွေကိစ္စက ကျွန်တော်တို့မသိဘူး။ကိုယ်စားလှယ်တွေကနေပြီးတော့ ချထားပေးတာကို ကျွန်တော်တို့ လုပ်မယ်။ ကျွန်တော်တို့က သက် ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာ လိုအပ်တာတွေကို တင်ပြပေးမည် ပိုက်ဆံကို ကိုယ်စားလှယ်တွေကပဲ ကိုင်ပြီးလုပ်ရမှာ ကျွန်တော်တို့ ဆောင်ရွက်နေတာတောင် အခုချိန်ထိဆိုရင် ဒီထက်မကတော့ဘူး။ ကိုယ် စားလှယ်တွေရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမှာ”ဟု ပြောသည်။

အဆိုပါရန်ပုံငွေ ကျပ်သိန်းတစ်ထောင် သုံးစွဲရန်အတွက် “ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်း”ကို နိုဝင်ဘာ(၁၅)ရက်က နိုင်ငံတော်သမ္မတ ထုတ်ပြန်ခဲ့သည်။ လုပ်ထုံးလုပ် နည်းဖြည့်စွက်ချက်ကိုမူ နိုဝင်ဘာ(၂၀)ရက်က ဆက်လက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြည့်စွက်ထုတ်ပြန် ချက်မှာ “နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာ ပြည်ထောင်စု လွှတ် တော်ကိုယ်စားလှယ်များ ပါဝင်သော မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့ကို ဖွဲ့ စည်းရမည်။ အဖွဲ့၏ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ညှိနှိုင်းသတ်မှတ်၍ တာဝန်ယူ ဆောင်ရွက်ရမည်”ဟု ထပ်မံဖြည့်စွက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွင် အစိုးရဘဏ္ဍာငွေမှ သုံးစွဲရန် ကျန်ရှိနေသည့် စီမံကိန်းများ ကို အထောက်အကူပြုကော်မတီများမှ တင်ပြလာသည့် စီမံကိန်းလုပ်ငန်းများကို လွှတ်တော် ကိုယ်စား လှယ်များမှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရရှိပြီး ဆောင်ရွက်ရမည်ဖြစ်သည်။ ဒေ သများတွင် အဓိက လိုအပ်ချက်ဖြစ်သည့် သောက်သုံးရေရှိရေး၊ ကျေးလက်၊ လမ်းတံတား ပြုပြင်ရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံပြုပြင်ရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံပြုပြင်ရေး စသည့် လုပ်ငန်းစဉ်များကို မဲဆန္ဒရှင် ပြည်သူများ အမှန်တကယ်လိုအပ်သည့် လုပ်ငန်းများ အမှန်တကယ် လက် ခံနိုင်ရန် ဆောင်ရွက်ရေး၊ ကုန်ကျစရိတ် မကြီးမြင့်ဘဲ အကျိုးရှိမည့် လုပ်ငန်းဖြစ်ရေး စသည့် အချက်များ ကို လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားစာတွင် ဖော်ပြထားပြီး အခန်း ၁၀ ခန်း ပါရှိသည်။

အဆိုပါ ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် တစ်တိုင်းပြည်လုံးရှိ မြို့နယ်ပေါင်း(၃၃၀)အတွက် ကျပ်သိန်းပေါင်း သုံး သောင်းသုံးထောင်ကျော် (၃ ဒသမ ၃ ဘီလီယံ)ကို ၂၀၁၃-၁၄ ခုနှစ်၏ ပြည်ထောင်စုလွှတ်တော် ဘဏ္ဍာ ငွေမှ သုံးစွဲခွင့်ပြုခဲ့ပြီးဖြစ်သည်။ ထိုသို့ သုံးစွဲခွင့် ရရှိထားပြီဖြစ်သော်လည်း နိုင်ငံတော်သမ္မတမှ ဖွံ့ဖြိုးရေး ရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ခြင်းမရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင်လအတွင်း (သတ္တမ ပုံမှန်အစည်း အဝေး)တွင် တင်ပြ အစီရင်ခံထားပြီးဖြစ်သည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်မဖော်နိုင်ခဲ့ပေ။ ယခု နိုဝင်ဘာ(၁၅)ရက်မှသာ လုပ်ထုံးလုပ်နည်းညွှန်ကြားချက် ထွက်ရှိလာသည့်အတွက် ဖွံ့ဖြိုးရေးရန်ပုံ ငွေများကို ခွဲဝေသုံးစွဲနိုင်ရေး သက်ဆိုင်ရာကိုယ်စားလှယ်များ ဆိုင်းပြင်း ဆောင်ရွက်နေကြခြင်းဖြစ်သည်။ သုံးစွဲရမည့် ကာလသည် ၂၀၁၄ ခုနှစ် မတ်လကုန်အထိသာ သုံးစွဲရမည် ဖြစ်သည်။

No comments:

Post a Comment