KNG
တိုက်ပွဲများငြိမ်သက်နေသော ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေတွင် ယမန်နေ့မှ ပြန်လည်တင်းမာလာပြီးတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ စစ်အင်အားများ ဆက်လက်တိုးချဲ့နေကြောင်း တပ်မဟာ (၄) အရာရှိများပြောသည်။
ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့က ကွတ်ခိုင်မြို့ တာမိုးညဲမြို့နယ်ခွဲ တပ်ရင်း (၂) ဒေသတွင် မုန်ဂျီ ဟူးအက် အနီး အစိုးရတပ် အင်အား ၁၀၀ ကျော်ရှိသော ခြေမြန်တပ် ခမရ ၅၆၈ နှင့် မိနစ် ၃၀ ကျော်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်ရင်း (၃၆) လက်အောက် MHH ပြည်သူ့စစ် တပ်ခွဲ (5)မှူး ဗိုလ်ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။
“မနေ့က နှစ်ဘက်တပ်ကနေ ပစ်ခတ်မှုတွေဖြစ်တယ် ဒီနေ့တော့ငြိမ်နေတယ် အစိုးရတပ်က နေရာတိုင်းမှာ စစ်အင်အားထပ်တိုးချဲ့နေတယ် ဒီနေ့မနက်လည်း ခလွမ်ရွာမှာ ၃၀ လောက်၊ နမ်တောင်းမှာ ၃၀ နဲ့စစ်အင်အား တွေ တိုးချဲ့နေတယ်”
၎င်းအစိုးရတပ်သည် ကွန်လုံအခြေစိုက်တပ်များဖြစ်ပြီး နှစ်ဘက်တပ်များတိုက်ပွဲဖြစ်ပွားပြီးနောက် မုန်ဂျီတွင် နောက် ဆုတ်ထားပြီး စစ်အင်အား ၃၀၀ ကျော်ဖြင့်ဆက်လက်လှုပ်ရှားနေကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ ရက်နေ့မှစ၍ အစိုးရတပ် တပ်မ (၁၀၁) သည် လားရှိုးဘက်မှ စစ်ကား ၃၀ စင်းဖြင့် စစ်အင်အားများ တိုးချဲ့လာပြီး ကွန်လုံတပ်နှင့် မူဆယ် ၁၀၅ မိုင်တွင် တိုးချဲ့လာကြောင်း စောင့်ကြည့်နေသည့် KIA အဖွဲ့ဝင်များ ပြောသည်။
အဆိုပါ ကွန်လုံဗျူဟာတွင် အစိုးရစစ်အင်အားများသည် ယမန်နေ့ ၂၀ ရက်နေ့တွင် စစ်ကား ၂၁ စင်း အင်အား ၄၀၀ တိုးချဲ့လာပြီး လက်နက်ကြီး ၁၀၅ မမ ၃ ခုနှင့် ၁၀၅ မိုင်ဘက်သို့လည်း ကား ၉ စင်း အင်အား ၂၀၀ ကျော်ဖြင့် လှုပ်ရှား လာခြင်းကြောင့် တင်းမာလာခြင်းဖြစ်ပြီး ဆက်လက်ပစ်ခတ်မှုများဖြစ်ပွားနိုင်ကြောင်း တပ်ရင်း (၁၂) အရာရှိများ ပြောသည်။
အစိုးရ မုန်ဂျီပြည်သူ့စစ်အဖွဲ့၏ ဘိန်း၊ ရာမချက်သည့်ကရိယာများကို ပြီးခဲ့သည့်လတွင် အစိုးရ ၁၀၅ မိုင် တပ်မှ ဖမ်းဆီးလိုက်ခြင်းကြောင့် အစိုးရတပ်များသည် ဘိန်းတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ဆက်လက်လှုပ်ရှားလာခြင်းဖြစ်ကြောင်း သိရသည်။
လတ်တလောတိုက်ပွဲများဆက်တိုက်ဖြစ်ပွားပြီး တင်းမာမှုဖြစ်ပွားခဲ့သော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၃) နယ်မြေတွင် အစိုးရတပ်များ လှုပ်ရှားမှုရှိသော်လည်း KIO ဌာနမှ နိုဝင်လာ ၁၉ မှစ၍ ပစ်ခတ်မှုများမပြုလုပ်ရန်ညွှန်ကြားခဲ့သောကြောင့် ငြိမ်သက်နေဆဲဖြစ်သော်လည်း တဖက်တွင် တပ်မဟာ (၄) ဖက်သို့ ဆက်လက်တင်းမလာခြင်းဖြစ်သည်။

No comments:
Post a Comment