အောင်ကိုဦး
မန္တလေးမြို့တွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကို သံဃာတော် အပါး ၁၅၀ခန့်က ခွင့်ပြုမိန့် မကျသေးသော်လည်း ကန့်ကွက်ဆန္ဒပြမှုတစ်ခု နိုဝင်ဘာလ ၁၉ရက် မွန်းလွဲ ၁နာရီက ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်မှုကို ဘင်္ဂါလီများအား နိုင်ငံသားအဖြစ် လက်မခံရန်၊ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို OIC ရုံး အခြေစိုက် ဖွင့်လှစ်ခြင်း မပြုရန် စသော အချက်ငါးချက်ဖြင့် ပြုလုပ်ခဲ့သည်ဟု ဦးဆောင်ဆရာတော် ဦးကာဝိယ(ဂဠုန်နီဆရာတော်)က မိန့်သည်။
"တစ်ခြားမြို့တွေမှာ ပြပြီးသွားပြီး မန္တလေးက ငြိမ်နေတော့ OIC ကို ထောက်ခံနေသလိုဖြစ်နေတယ်။ အဲလိုမထင်အောင်ရယ် မန္တလေးမြို့ကလည်း ကန့်ကွက်တယ် အလိုမရှိဘူး။ ဒါကြောင့်ဒီနေ့လုပ်တာပဲ။ ခွင့်ပြုမိန့်တင်ထားတာ ဒီနေ့ ငါးရက်ပြည့်တယ်။ ဘာအကြောင်းမှမပြန်ဘူး။ ခွင့်ပြုမိန့်ရရ မရရ ဆန္ဒပြတယ်။ ဒီမှာကြွေးကြော်တယ်။ နိုင်ငံတော်ပုန်ကန်တဲ့ စကားလုံး စာသား လုံးဝမပါဘူး။"ဟု ဆရာတော်က မိန့်သည်။
ဆန္ဒပြ သံဃာတော်များသည် မဟာမြတ်မုနိဘုရားကြီး တောင်ဘက် ချမ်းမြသာစည်မြို့နယ်ရှိ ဦးပွားဘုရားမှ စီးတန်းလမ်းလျှောက်ခဲ့ပြီး ၄၂လမ်းမှ၈၄လမ်း၊ ၈၄လမ်းမှ ၈၂လမ်းနှင့် ၈၁လမ်းတို့ကိုပတ်ကာ ဦးပွားဘုရားသို့ ပြန်လည်ချီတက်ခဲ့ပြီး မွန်းလွဲ၂နာရီတွင် ပြီးဆုံးခဲ့သည်။
ထိုဆန္ဒပြမှုကို ချမ်းမြသာစည်မြို့နယ် ရဲစခန်းတွင် နိုဝင်ဘာလ ၁၅ ရက်က ဆန္ဒထုတ်ဖော်ခွင့် တင်ထားခဲ့သော်လည်း ငါးရက်ပြည့်မြောက်သည့်နေ့အထိ ခွင့်ပြုချက်မရသဖြင့် ခွင့်ပြုမိန့်ကို မစောင့်ဘဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ဆန္ဒပြမှုကို သက်ဆိုင်ရာမှ ဟန့်တားနှောက်ယှက်မှု မရှိဟု ဆရာတော်က မိန့်ကြားသည်။
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) သည် နိုဝင်ဘာလ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ၁၆ရက်တွင် ပြန်လည်ထွက်ခွာခဲ့သည်။ OIC အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်မလာခင်မှစကာ ရန်ကုန်တွင် ဆန္ဒပြမှုများရှိခဲ့ပြီး OIC စစ်တွေသို့ ရောက်ရှိသည့် နိုဝင်ဘာလ ၁၅ ရက်တွင်လည်း ရခိုင်ဒေသခံများက စစ်တွေလေဆိပ်တွင် ဆန္ဒထုတ်ဖော်ခဲ့သေးသည်။
No comments:
Post a Comment