စိုးသန်းလင်း
ပြည်ထောင်စုလွှတ်တော်၌ ဇန်န၀ါရီ ၃၀ရက်က ဆွေးနွေးကြသည့် ပြည်ထောင်စု အစိုးရ၏ ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် ကြိုတင်တင်သွင်းခဲ့သည့် ငါးနှစ်စီမံကိန်းပါ လျာထားချက်များနှင့် လွှတ်တော်တွင် ၀န်ကြီးတချို့ လာရောက်ဖြေကြားခဲ့သည့် အစိုးရ၏ ကတိက၀တ်များ မကိုက်ညီခြင်းတို့ ပါဝင်နေသည်ကို လွှတ်တော်ကိုယ်စားလှယ်အချို့က ထောက်ပြဝေဖန်ခဲ့ကြသည်။
အထူးသဖြင့် ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့် အခြေခံ သဘောထားများတွင် ပါရှိ သော ကျပ် ၄၀၄ ဘီလီယံသုံးစွဲရန် လျာထားသည့် စီမံကိန်း ၅၆ခုကို ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အား ကဏ္ဍနှင့် ပတ်သက်ပြီး တိကျမှန်ကန်ပြီး ကတိက၀တ်နှင့်ကိုက်ညီသော အမျိုးသား စီမံကိန်းဖြစ်စေလို ကြောင်း ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်မြင့်သိန်း က လွှတ်တော်တွင် ပြောခဲ့သည်။
“ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ ကျွန်တော်မေးခဲ့စဉ်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင် သန်းဦးက မော်လမြိုင်-ကော့ကရိတ် ၂၃၀ ကေဗွီဓာတ်အားလိုင်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဆောင် ရွက်ဖို့ လျာထားပြီးပြီလို့ ဖြေခဲ့ပါတယ်။ အခုတင်ပြလာတဲ့ ၂၀၁၄-၁၅ အမျိုးသား စီမံကိန်းမှာ ကျတော့ အဲဒီ မော်လမြိုင်-ကော့ကရိတ်-မြ၀တီလမ်းပိုင်း ၈၀မိုင် ဓာတ်အားလိုင်း စီမံကိန်း မပါတော့ဘူး။ မူလ ကတိက၀တ်အတိုင်းပဲ ထည့်သွင်းပေးသင့်ပါတယ်” ဟု ၎င်းက ဝေဖန်ထောက်ပြခဲ့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် ကော့ကရိတ်ပြည်သူ နှင့်တွေ့ဆုံပြီး မဟာဓာတ်အားလိုင်းရမည်ဟု ကတိပေးထားခဲ့သည် ဟု ဖြည့်စွက် ပြောခဲ့သည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုဆိုင်ရာ လျာထားချက်များအပေါ် အခြားကိုယ်စားလှယ် သုံးဦးက လည်း ပြည်သူ့အကျိုးအတွက် ဆောင်ရွက်မပေးနိုင်ခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် ရှေ့နောက် ညီညွတ် မှုမရှိခြင်းတို့ကို လက်တွေ့ဖြစ်ရပ်များ၊ အထောက်အထားများဖြင့် ဝေဖန်ထောက်ပြခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက် သည်များကို တိုက်တွန်းဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment