Monday, March 24, 2014

မင်္ဂလာဒုံတွင် ပုဒ်မ၄၃၆ ပြင်ပေးရေး ဆန္ဒထုတ်ဖော်

ကြယ်ပြာ

၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရန်အတွက် မတ်လ ၂၃ရက်က မင်္ဂလာဒုံမြို့တွင် လူအင်အား ၃ဝဝခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုမောင်မောင်က မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန် အဟန့်အတားဖြစ်နေသော ပုဒ်မ-၄၃၆ နှင့် ပြည်သူက လိုလားနေသည့် ပြည်သူ့ခေါင်းဆောင် သမ္မတဖြစ်ခွင့်ကို အဟန့်အတားဖြစ်နေစေသော ပုဒ်မ ၅၉(စ)တို့ကို ပယ်ဖျက်ပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။

“မနေ့က ညနေကမှ ခွင့်ပြုချက်ရလိုက်တယ်။ မနက် ၇နာရီကနေ နေ့လည် ၁၁နာရီအထိ မင်္ဂလာဒုံမြို့ထဲကနေ ကျိုက္ကလဲ့ ဘုရားအထိ လမ်းလျှောက်ခဲ့ကြပါတယ်။ လွှတ်တော်မှာ ၇၅ရာခိုင်နှုန်းထောက်ခံမှ ခြေဥကို ပြင်ဆင်လို့ ရမယ်ဆိုတာကို လက်မခံနိုင်လို့ပါ” ဟု ကိုမောင်မောင်က ပြောသည်။

မြတ်ဒါန နာရေးကူညီမှုအသင်း နှင့် အခြားမြို့နယ်များမှ နာရေးကူညီမှုအသင်းများ၊ အဖြူရောင်လူငယ်ကွန်ယက် နှင့် နိုင်ငံရေး ပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများလည်း ဆန္ဒထုတ်ဖော်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

ပုဒ်မ-၄၃၆နှင့် ပုဒ်မ ၅၉(စ)တို့ကို ပြန်ဆင်ပေးရန် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆန္ဒထုတ်ဖော်မှုများ နှင့် ဟောပြောပွဲ များပြုလုပ်နေကြသည်။

ပုဒ်မ ၄၃၆ တွင်ပါရှိသည့် အချက်များမှာ ဖွဲ့စည်းပုံပြင်ဆင်ရန် ကန့်သတ်ချက်တစ်ခု ဖြစ်နေပြီး ထိုပုဒ်မကို ဦးစွာ ပယ်ဖျက်ပြီးမှ သာလျှင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်၍ ယင်းပုဒ်မ ပြင် ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပူးပေါင်းလုပ် ဆောင်မည်ဟု ဖေဖော်ဝါရီ ၁၆ ရက်က သတင်းထုတ်ပြန်ထားခဲ့သည်။

No comments: