Monday, March 24, 2014

ပဋိပက္ခဖြစ်ပွားရာ မြို့နယ် ၂ဝ တွင် ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးဒေသခံအဖွဲ့များ ဖွဲ့စည်းမည်

ယုဝေ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို စောင့်ကြည့်ရန် ငြိမ်းချမ်းစောင့်ကြည့်ရေးဒေသခံအဖွဲ့များကို ပဋိပက္ခဖြစ်ပွားရာ မြို့နယ် ၂ဝ တွင်ဖွဲ့စည်း သွားမည်ဟု အဆိုပါ အဖွဲ့များပေါ်ပေါက်လာစေရန် စောင်ရွက်နေသည့် Gender and Development Initiative (GDI) အမှုဆောင် ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

လာမည့် ဧပြီလတွင် မြို့နယ်ပေါင်း ၁ဝ မြို့နယ်တွင် စတင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် မည့်သည့်အချက်များ ကိုစောင့်ကြည့်လေ့လာရမည်ဆိုသည်ကို စစ်တမ်းများကောက်ယူနေပြီး နောက်ထပ် ၁ဝ မြို့နယ်ကို မရွေးချယ် ရသေးကြောင်းဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

ဧပြီလတွင် စတင်မည့်မြို့နယ်များမှာ ကချင်ပြည်နယ်တွင် ဖားကန့်၊ ဝိုင်းမော်၊ မိုးညှင်းမြို့နယ်၊ ချင်းပြည်နယ် တွင် ဖလန်း၊ ဟားခါး၊ ထန်တလန်နှင့် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်တွင် ဖယ်ခုံနှင့် တောင်ကြီးနှင့် ကွန်ဟိန်း မြို့နယ်တို့ဖြစ်သည်။

“နောက်ထပ် ၁ဝ မြို့နယ်က ကျွန်တော်တို့ မရွေးရသေးဘူး။ လောလောဆယ် အထိုင်ချထားတုန်း ရှိသေးတယ်” ဟု ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

ငြိမ်းချမ်းရေး စောင့်ကြည့်ရေး အဖွဲ့အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ စစ်တပ် အနေဖြင့် သဘောတူ သတ်မှတ်ထားသည့် သဘောတူစာချုပ်များအား အမှန်တစ်ကယ် လိုက်နာခြင်းရှိမရှိနှင့် လူအခွင့်အရေး ချိုးဖောက်ခံရမှုများ ကို စောင့်ကြည့်သွားမည်ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

နှစ်ဖက်သဘောတူညီချက်များ မလိုက်နာသည်ကိုတွေ့ရှိပါက တိုင်းရင်းသာများဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) ၊ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) နှင့် သတ်ဆိုင်ရာ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့များကို တင်ပြသွားမည်ဟု ၎င်းကဆိုသည်။

“ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဖြစ်စဉ်ကို ကောင်းကောင်းမွန်မွန် ထိန်းကျောင်းပေးတာပေါ့ကွယ်။ ကောင်းနေ တယ်ဆိုရင် ဘာမှ မဖြစ်ဘူးပေါ့ ။ ပုံမှန် ကြည့်နေမှာပေါ့။ ဒါပေမယ့် တစ်ခုခု ဖြစ်လာမယ်ဆိုရင်တော့ ဝိုင်းထိန်း ရမှာပေါ့။ ကျွန်တော် နောက်ဆုံး မျှော်လင့်တာတော့ အဲဒီနေရာမှာ နောက်တိုက်ပွဲတွေ မဖြစ်အောင်ပေါ့။” ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စောင့်ကြည်ရေး ဒေသခံ အဖွဲ့ တစ်ဖွဲ့လျင် ၂၅ ဦးခန့် ပါဝင်မည်ဖြစ်ပြီး GDI မှ ငြိမ်းချမ်းရေး စောင့်ကြည်မှု ကျွမ်းကျင်သူများမှ လေ့ကျင့်သင်တန်းပေးမည်ဖြစ်သည်။

အစိုးရက တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ချင်းအမျိုးသား တပ်ဦး၊ ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ၊ ကရင်အမျိုးသားအစည်းအရုံးတို့နှင့် လက်မှတ် ရေးထိုးရာတွင် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းရန် သဘောတူထားသည်။

No comments:

Post a Comment