Tuesday, March 25, 2014

နိုင်ငံခြားသား၏ ခရီးဆောင်အိတ်ကို ဆိုင်ကယ်သမားနှစ်ဦးက လုယက်

ဇော်ဇော်ထွေး

ဗဟန်းမြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးက သြစတေးလျနိုင်ငံသားတစ်ဦး၏ ခရီးဆောင်အိတ်ကို လုယူ၊ ထွက်ပြေးသွားသည်ဟု ဆိုကာ အမှုဖွင့် တိုင်တန်းမှုကို ဗဟန်းရဲစခန်းက မတ်လ ၂၃ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်။

အမှုမှာ နေ့လယ် ၁၂ နာရီက သြစတေးလျနိုင်ငံသား Mr.Kaan Peker (၃၂)နှစ်သည် အမျိုးသမီးအဖော်တစ်ဦးနှင့်အတူ ရန်ကုန်လေဆိပ်မှ ချက်ထရီယမ်ဟိုတယ်သို့ တက္ကစီဖြင့် လာရောက်ခဲ့ပြီး ဟိုတယ်မရောက်မီ တာမွေမြို့နယ်၊ ဖိုးစိန်လမ်း၊ Crystal Inn ရှေ့အရောက်တွင် ကားပေါ်မှ ဆင်း၍ လမ်းလျှောက်လာစဉ် ဆိုင်ကယ်တစ်စီးအား လူနှစ်ဦးက စီးနင်းမောင်းနှင်လာပြီး အနားအရောက်တွင် လက်ဖြင့်ဆွဲလာသည့် အပြာရောင်ခရီးဆောင်အိတ်ကို လုယူထွက်ပြေးခဲ့သည်ဟု Mr.Kaan Peker က ရဲမှတ်တမ်းတွင် ပြောပြထားသည်။

ထို့ပြင် အဆိုပါခရီးဆောင်အိတ်အတွင်းမှ သြစတေးလျဒေါ်လာနှင့် အသုံးဆောင်ပစ္စည်းတန်းဖိုး သြစတေးလျဒေါ်လာ (၁၂၂,၂၅ဝ)၊ မြန်မာငွေတန်ဖိုးအားဖြင့် သိန်း ၁၁ဝ ကျော်ခန့် လုယက်ခံခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် လုယူသွားသူ နှစ်ဦးကို စုံစမ်းဖော်ထုတ်အရေးယူပေးရန် ချက်ထရီယမ်ဟိုတယ်မှ ဧည့်ကြိုဝန်ထမ်းဖြစ်သူက တရားလိုပြုလုပ် တိုင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ဗဟန်းရဲစခန်းက (ပ)၁ဝ၆/၂ဝ၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အရေးယူရန် ပြစ်မှုကျူးလွန်သူများကို စုံစမ်းရှာဖွေလျက်ရှိသည်။

No comments:

Post a Comment