Sunday, March 23, 2014

နိုင်ငံသားများသာ ပါတီထောင်ခွင့်ရှိမည့်ဥပဒေကြမ်း အမျိုးသားလွှတ်တော် ပြင်ဆင်

ဝင်းကိုကိုလတ်၊ မင်းမင်း

နိုင်ငံသားများသာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရှိတော့မည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့ပြီး တစ်ပိုဒ်ချင်းအလိုက်ကို ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက် သည်။

အဆိုပါဥပဒေကြမ်းကို တင်သွင်းခဲ့သူ ရခိုင်ပြည်နယ်၊ လွှတ်တော်အမတ် ဒေါက်တာအေးမောင်က “အခု ပြင်ဆင်ချက်အရ နိုင်ငံသားတွေကပဲ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ မဲပေးခွင့်၊ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှား ခွင့် ရပါတော့မယ်”ဟု ဖြေကြားခဲ့သည်။

ယင်းအချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသား များထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟူသော ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမည်ဟု ၎င်း က ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ(ဃ)တွင်ပါရှိသော “ပုဒ်မ -၄ ပါအချက်များနှင့် ညီ ညွတ်သူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်နှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသားလက်မှတ် အမှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ် သို့မဟုတ် ယာယီသက်သေခံလက်မှတ်အမှတ်”အားပယ်ဖျက်၍ “ပုဒ်မ-၄ ပါအချက်များနှင့် ညီညွတ် သော ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ် နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်”ဟု ပြင်ဆင်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)တွင် ပါရှိသော ပါတီတည်ထောင်လိုသူများ သည် “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင် ဆောင်သူဖြစ်ခြင်း”ဆိုသည့်စကားရပ်ကို “နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း”ဆိုသည့် စကားရပ် ဖြင့် အစားထိုးရမည်ဟု ပြင်ဆင်အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဥပဒေ အခန်း (၂) ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)၌ ပါတီဝင်များအဖြစ် စည်းရုံးရာတွင် “နိုင်ငံသား၊ ဧည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း” အစား “ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတို့ကို ပယ်ဖျက်၍ “နိုင်ငံ သားနှင့် နိုင်ငံသားပြုခွင့်ရသူ ဖြစ်ခြင်း”ဟု ပြင်ဆင်ခဲ့သည်။

ပုဒ်မ ၂၅- က အဖြစ် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၄ ခုနှစ်) မပြဋ္ဌာန်းမီ မူလနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရှိခဲ့သည့်ပါတီများသည် ပြင်ဆင်သည့် ဥပဒေ နှင့်အညီ ဖွဲ့ထားသည့် နိုင်ငံရေးပါတီနှင့် ပါတီဝင်များဖြစ်သည်ဟု မှတ်ယူရမည်။

ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် သင့်တော်သည့်အချိန်ကာလတစ်ခုကို ကော်မရှင်က ညှိနှိုင်း သတ်မှတ်ပေးရမည်ဟုလည်း ဖြည့်စွက်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၆ တွင် “နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲ ခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်စေရမည်”ဟု ပြဋ္ဌာန်းထားသဖြင့် မွေးရာပါနိုင်ငံ သားနှင့် ဥပဒေအရ နိုင်ငံသားပြုခွင့်ရသူတို့သာ နိုင်ငံသားဖြစ်ထိုက်ကြောင်း လေ့လာတွေ့ရှိရပါဟု သည် ဥပဒေကြမ်းကော်မတီအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုအမျိုးသားလွှတ်တော်တွင် အတည်ပြုသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/ ၂၀၁၀)ကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်သို့ ထပ်မံပေးပို့၍ ဆွေးနွေးသွားမည်ဖြစ်သော်လည်း ရက်အတိအကျ မသိရှိရသေးပေ။

No comments: