ဖနိဒါ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းရေးဆွဲရန်အတွက် တိုင်းရင်းသားခေါင်းဆောင် လုပ် ငန်းကော်မတီဝင် ခုနစ်ဦးကို မတ်လ ၁၉ ရက်နှင့် ၂၀ ရက်တွင် ပြုလုပ်သော NCCT (တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့)၏ အပစ်ရပ်မူကြမ်းရေးဆွဲရေး အတွက် အကြို ပြင်ဆင်သည့် ဆွေးနွေးပွဲအပြီးတွင် အကြမ်းဖျင်း ရွေးချယ်လိုက်သည်။
နှစ်ဖက် မူကြမ်းရေးဆွဲရေးအတွက် NCCT ဒုတိယခေါင်းဆောင် KNUမှ ပဒိုကွယ်ထူးဝင်းကို အပစ်အခတ် ရပ်စဲရေး မူကြမ်းရေးဆွဲရာတွင် ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီး မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်ဟံသာ၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ ဗိုလ်ချုပ်ဂွမ်မော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အစည်း အရုံး (PNLO)မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး(CNF)မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဦးရွှေမျိုးသန့်နှင့် ရခိုင်အမျိုးသားကောင်စီ(ANC)မှ ဦးထွန်း ဇော်တို့ကို အမြဲတမ်းအဖွဲ့အဖြစ် ရွေးချယ်ထားပြီး ကျန်နှစ်ဦးကို အလှည့်ကျ ထည့်သွင်းသွားမည်ဟု နိုင် ဟံသာက မဇ္ဈိမကို ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းရေးဆွဲရန် အစိုးရဘက်က ကိုယ်စားလှယ်ကိုးဦးနှင့် တိုင်းရင်းသားဘက်က ကိုယ်စားလှယ်ကိုးဦး ရွေးချယ်ပေးရမည် ဖြစ်သည်။
အစိုးရဘက်က ကိုးဦးစာရင်းတွင် တပ်မတော်သား သုံးဦး၊ လွှတ်တော်က သုံးဦးနှင့် အစိုးရအုပ်ချုပ်ရေးမှ သုံးဦးတို့ဖြင့် ဖွဲ့စည်းသွားမည်ဟု သိရသည်။
“လာမယ့် ဧပြီလဆန်း ရန်ကုန်မှာ တွေ့ဖို့ရှိတယ်။ အဲဒီအတွက် ဒီမှာညှိရတာပေါ့။ (၁)အချက်က အဲဒီလို မူကြမ်းရေးဆွဲတဲ့နေရာမှာ ဘယ်အချက်တွေက အဓိကပါဖို့လိုတယ်။ ဘယ်အချက်တွေကတော့ သူတို့ ဘက်က အဆိုပြုထားတဲ့ တချို့အချက်တွေ လက်ခံလို့ မရသေးဘူး။ ပြန်ညှိနှိုင်းရမယ်။ ပြင်ရမယ်ဆိုတာ လေ့လာတယ်”ဟု နိုင်ဟံသာက ပြောသည်။
လာမည့် ဧပြီလ ၅၊ ၆ ရက်နေ့များတွင် အစိုးရဘက်မှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်ကိုးဦး ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာ (MPC)တွင် တွေ့ဆုံကြမည်ဖြစ်သည်။ ယင်းတွေ့ဆုံပွဲသို့ တိုင်းရင်းသားဘက်မှ ဗိုလ်ချုပ်ဂွမ်မော်နှင့် နိုင်ဟံသာတို့ ဦးဆောင်၍ တက်ရောက်မည်ဟု နိုင်ဟံသာက ပြောသည်။ ယခု ရွေးချယ်ထားသည့် ခုနစ်ဦးကိုလည်း ရန်ကုန်သို့မသွားမီ ပြန်လည်အတည်ပြုမည်ဖြစ် သည်။
“အခု အပြီးသတ်မရွေးသေးဘူး။ အဲဒီလို ညှိနှိုင်းဖို့ဆိုတဲ့နေရာမှာက ပဒိုကွယ်ထူးဝင်းကို ခေါင်းဆောင် ရွေးထားတယ်။ NCCT နိုင်ဟံသာနဲ့ ဗိုလ်ချုပ်ဂွမ်မော်ကိုတော့ ဒီပထမပတ်မှာတော့ နှစ်ယောက်စလုံးသွားမယ်။ နောက်ပိုင်းတော့ ပဒိုကွယ်ထူးဝင်းနဲ့ ကျွန်တော်တို့ တစ်ယောက်မဟုတ်တစ်ယောက် သွားဖို့ စီစဉ် ကြည့်တယ်။ ကျန်တဲ့လူများက အလှည့်ကျထည့်သွင်းသွားမယ်”ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ အစိုးရဘက်မှ ၁၈ ဦးပါ လုပ်ငန်းအဖွဲ့စည်းရန် အဆိုပြုလာမှုအပေါ် တိုးတက်ကောင်းမွန်လာသည်ဟု ဆိုသော်လည်း တိုးတက်မှုမှာ မြန်ဆန်မှု၊ ခိုင်မာမှုတော့ မရှိသေးဟု နိုင်ဟံသာက ပြောသည်။
လာမည့် ဧပြီပထမပတ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းရေးဆွဲရာတွင် အခန်း ခုနစ်ခန်းဖြင့် ညှိနှိုင်း ရေးဆွဲမည်ဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွက် ဆွေးနွေးပွဲကို မတ်လ ၂၀ ရက်က ထိုင်းနိုင်ငံ ချင်း မိုင်မြို့ရှိ Imperial Resort တွင် ပြုလုပ်ခဲ့ပြီး NCCT အဖွဲ့ဝင် ၁၅ ဦးနှင့် အခြား နည်းပညာအထောက် အကူပြုအဖွဲ့များ အပါအ၀င် ၂၀ ခန့် တက်ရောက်ဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် NCCT ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC ဒု-ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းတို့ ရန်ကုန်မြို့ MPC တွင် တွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းကို ရေးဆွဲရန် တစ်ဖက်လျှင် ကိုးဦးပါဝင်သော ၁၈ ဦးပါ လုပ်ငန်းကော်မတီကို ဖွဲ့စည်းရန်နှင့် လာမည့်ဧပြီလတွင် မူကြမ်းရေးဆွဲရန် သဘောတူခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်မှ ၁၃ နေ့ထိ NCCT ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်၊ ဦးရွှေမျိုးသန့်၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဒေါ်စောမြရာဇာလင်း၊ ဦးထွန်းဇော်၊ ဒုဗိုလ်မှူးကြီးဆင်ဝါ၊ ပဒိုတာဒိုမူးနှင့် ဒုဗိုလ်မှူးကြီးကျော်ဟန်တို့ ၁၀ ဦးသည် ရန်ကုန်မြို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည်။
No comments:
Post a Comment