Tuesday, March 25, 2014

ဖွဲ့စည်းပုံပြင်ရန် ဒေါပုံ၊ မင်္ဂလာဒုံ၊ မုံရွာ၊ ပုသိမ်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် တစ်ပြိုင်နက် ဆန္ဒပြတောင်းဆို

နန်းမြင့်၊ ကြယ်ပြာ၊ တိုးကြီး၊ အောင်ကိုဦး၊ မျိုးသန့်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန် ရန်ကုန်တိုင်း ဒေါပုံမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် စစ်ကိုင်း တိုင်း မုံရွာမြို့၊ ဧရာဝတီတိုင်း ပုသိမ်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် မတ်လ ၂၃ ရက်က တစ်ပြိုင်နက် ဆန္ဒ ပြတောင်းဆိုခဲ့ကြသည်။

ဒေါပုံမြို့နယ်တွင် လူအင်အား ၁,၀၀၀ ခန့်က ကမ္ဘောဇဘဏ်ရှေ့မှစတင်ပြီး မင်းနန္ဒာလမ်း၊ ၀ါဆိုခေါက်တံ တား၊ ယမုံနာလမ်း၊ ရှုခင်းသာ သုံးဂိတ်ဟောင်းအထိ ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒဖော်ထုတ် ခဲ့သည်။

ဆန္ဒပြသူများက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်မည့် ပုဒ်မ- ၄၃၆ အပါအ၀င်၊ ပုဒ်မ ၅၉(ဃ)၊ ၅၉(စ)၊ ပုဒ်မ ၆(စ) စသည့် ပုဒ်မများကိုပြင်ပေးရန် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ဦးကျင်မောင်က “ပုဒ်မ ၅၉ ဆိုတာ နိုင်ငံသား တစ်ယောက်အနေနဲ့ သမ္မတတစ်ဦး ဖြစ်ပိုင်ခွင့်အရည်အချင်းကို ကန့်သတ်ထားတဲ့အတွက် နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့် အရေး ဆုံးရှုံးတယ်။ ပြင်ဆင်ပေးဖို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

ဆန္ဒဖော်ထုတ်ခွင့်ကို လူအင်အား ၃၀၀ ဖြင့် ညနေ ၃ နာရီမှ ၆ နာရီအထိ ခွင့်ပြုမိန့်ရရှိခဲ့ပြီး ဆန္ဒပြသူများ ထပ်မံပါဝင်လာမှုကြောင့် လူအင်အား ၁,၀၀၀ နီးပါးရှိခဲ့သည်။


မင်္ဂလာဒုံ

အလားတူပင် မင်္ဂလာဒုံမြို့တွင်လည်း လူအင်အား ၃၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

ဆန္ဒပြသူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရန် အဟန့်အတားဖြစ်နေသော ပုဒ်မ ၄၃၆ နှင့် ပြည်သူကလို လားနေသည့် ပြည်သူ့ခေါင်းဆောင် သမ္မတဖြစ်ခွင့်ကို အဟန့်အတားဖြစ်နေစေသော ပုဒ်မ ၅၉ (စ)တို့ကို ပယ်ဖျက်ပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။

“မင်္ဂလာဒုံမြို့ထဲကနေ ကျိုက္ကလဲ့ဘုရားအထိ လမ်းလျှောက်ခဲ့ကြပါတယ်။ လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်း ထောက်ခံမှ အခြေခံဥပဒေကို ပြင်ဆင်လို့ရမယ်ဆိုတာကို လက်မခံနိုင်လို့ပါ”ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဦးမောင်မောင်က ပြောသည်။

ဆန္ဒပြမှုကို မြတ်ဒါန နာရေးကူညီမှုအသင်းနှင့် တခြားမြို့နယ်များမှ နာရေးကူညီမှုအသင်းများ၊ အဖြူရောင် လူငယ်ကွန်ရက်နှင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။


မုံရွာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လည်း ဒေသခံအင်အား ၄၀၀ ကျော်ဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရန် ဆန္ဒပြ တောင်း ဆိုခဲ့ကြသည်။

“ဖွဲ့စည်းပုံပြင်မှ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိမှာဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပသူ ဦးညီပုက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲအတွက် မုံရွာ ပြည်သူ့အားကစားကွင်းတွင် လူစုဝေးခဲ့ကြပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ လေးပွင့်ဆိုင်ဆွေးနွေးရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ အခန်း(၁၂) ပုဒ်မ(၄၃၆)ပြင်ဆင်ရေး၊ နိုင်ငံသား အခွင့်တန်းတူရေး၊ ၅၉(ဃ)(စ)ကို ပြင်ဆင်ရေး စသည့် လက်ကိုင်ပိုစတာကြီးများ ကိုင်ဆောင်ပြီး မြို့တွင်း လှည့်လည်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။


ပုသိမ်

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှ ပန်းပင်ဆိပ်ကျေးရွာ ရွာလယ်ကန်တွင် ပတ်ဝန်းကျင်ရှိ ကျေးရွာ ငါးရွာမှ အင်အား ၅၀၀ ကျော်ဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ဖွဲ့စည်းပုံပြင်နိုင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ဆန္ဒပြသူတို့က လိုလားလျက်ရှိနေသည်ဟု ဆန္ဒပြ ပွဲကို ဦးဆောင်သူ ဦးဇော်မိုးက မဇ္ဈိမကို ပြောသည်။ “ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံဖြစ် စေချင်တယ်။ ကန့်သတ်ထားမှုတွေ၊ အာဏာရှင်ဆန်ဆန် ရေးဆွဲထားခဲ့တာကို တစ်နိုင်ငံလုံးရှိတဲ့ ပြည်သူ တွေ မလိုလားဘူး။ ကျေးလက်နေပြည်သူတွေ သူတို့လိုချင်တာကို ဖော်ထုတ်တောင်းဆိုတာ။ ကျေးလက် နေပြည်သူဘ၀ တိုးတက်စေချင်တယ်”ဟု ၎င်းက ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲကို ပန်းပင်ဆိပ်ကျေးရွာ၊ ဇရပ်ဆိပ်၊ ဥတို၊ မြင်းကကွင်းနှင့် အောင်သာကျေးရွာရှိ ဒေသခံ ကျေးလက်ပြည်သူတို့က ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။


ပြင်ဦးလွင်

အလားတူပင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင်လည်း ဖွဲ့စည်းပုံပြင်ဆင်ရန်အပါအ၀င် လေးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရန် ဒေသခံ ၂၀၀ ခန့်က ဆန္ဒပြခဲ့ကြသည်။

“လူထုအတွက်လိုအပ်လို့ အခုလိုလုပ်တာပါ။ ဒီဥပဒေတွေကို ပြည်သူတွေသိအောင် နိုင်ငံတော်ကလည်း လုပ်မပေးဘူး။ သက်ဆိုင်ရာဌာနတွေကလည်း လုပ်မပေးဘူး။ ဒါကြောင့် ပြည်သူလူထုတွေသိအောင် အားလုံးသိသွားအောင်လို့ပါ”ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးကိုကြီးက မဇ္ဈိမကို ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ပုဒ်မ ၄၃၆ အမြန်ပြင်ဆင်ပေး၊ ၅၉ (စ)အလိုမရှိ၊ ၅၉ (ဃ) အလိုမရှိ၊ ပြည်သူ မှ တိုက်ရိုက်ရွေးချယ်သော သမ္မတအလိုရှိ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးကို လေးစားလိုက်နာပါ၊ ၂၀၀၈ အခြေခံဥပဒေသည် ပြည်သူအတွက် အဆိပ်အတောက်မဖြစ်စေရ၊ ပုဒ်မ ၅၉(စ)(ဃ) ကြောင့် နိုင် ငံသားများ၏ မူလအခွင့်အရေး အဆုံးအရှုံးမခံနိုင် စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။


မန္တလေး

မန္တလေးမြို့ ဖွဲ့စည်းပုံပြင်ဆင်ရန်အပါအ၀င်၊ ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ပြည်သူ ၃၀၀ ခန့်ဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှုကို မဟာအောင်မြေမြို့နယ် လမ်း ၈၀-၈၁လမ်း၊ ၄၁ လမ်းမှစတင်ခဲ့ပြီး ၄၁ လမ်း ၈၀-၈၁လမ်းမှ စတင်ကာ လမ်း ၈၀ တောင်ဘက်မှ မြောက်ဘက်အတိုင်း ၃၇ လမ်းမှ နောက်ဘက် ၈၁ လမ်း၊ ၈၂ လမ်းမှ တောင်ဘက် ၄၂ လမ်းသို့ တစ်ပတ်ပတ်ကာ ဆုံရပ် ၄၁ တွင် အဆုံးသတ်ခဲ့သည်။

ဆန္ဒပြသူတို့က ပုဒ်မ ၅၉(ဃ)(စ) ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူကို ဖိနှိပ်သော ဥပဒေများဖျက်သိမ်းရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေး၊ လေးပွင့်ဆိုင်တွေ့ဆုံပွဲ ချက်ချင်းဆောင်ရွက် ပေးရန်တို့ကို ကြွေးကြော် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများ ပြင်ဆင်လိုသည့် ပုဒ်မ ၅၉(စ)သည် သမ္မတအရည်အချင်း ကန့်သတ်ချက်ဖြစ်ပြီး ဇနီး၊ ခင် ပွန်း၊ သားသမီး တစ်ဦးဦး စသည်တို့သည် နိုင်ငံခြားအစိုးရ၏ ကျေးဇူးခံသူ၊ တိုင်းတစ်ပါး နိုင်ငံသားများ မဖြစ်စေရဟု ကန့်သတ်ထားသည်။

ဖွဲ့စည်းပုံပြင်နိုင်မည့် နည်းလမ်းအဖြစ် သတ်မှတ်ထားသည့် ပုဒ်မ ၄၃၆ အပိုဒ်ခွဲ (က)နှင့်(ခ)၌မူ ဖွဲ့စည်း ပုံပြင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် လက်ခံ သဘောတူရမည်ဖြစ်ပြီး ယင်းအပြင် တချို့ပုဒ်မများအတွက်မူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ကာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲရမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်ဟု ပြဋ္ဌာန်း ထားသည်။

ထိုပြဋ္ဌာန်းချက်သည် အကန့်အသတ်တစ်ခုဖြစ်နေခြင်းကြောင့် ထိုပုဒ်မပါ ပြဋ္ဌာန်းချက်ကို လျှော့ပေါ့ပေးနိုင် ရန် ဆန္ဒပြ တောင်းဆိုကြခြင်းဖြစ်သည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းတစ်ခုတည်းတွင် မတ် လ ၂၂ ရက်ထိ မြို့နယ်အသီးသီး ဆန္ဒဖော်ထုတ်မှု ၁၆ ကြိမ် ရှိခဲ့သည်။

အလားတူပင် ပုဒ်မ ၄၃၆ တွင်ပါရှိသည့်အချက်များမှာ ဖွဲ့စည်းပုံပြင်ဆင်ရန် ကန့်သတ်ချက်တစ်ခုဖြစ်နေ ပြီး ထိုပုဒ်မကို ဦးစွာပယ်ဖျက်ပြီးမှသာလျှင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်၍ ယင်းပုဒ်မပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပူး ပေါင်းလုပ်ဆောင်မည်ဟု ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က သတင်းထုတ်ပြန်ခဲ့သေးသည်။

No comments: