Monday, March 24, 2014

မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ရန်ကုန်မှ စတင်ထွက်ခွာ

ရွှေရည်ဝင်းထက်

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးဆောင်ကာ ရန်ကုန်မြို့မှ ကချင်ပြည်နယ် မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို မတ်လ ၂၃ ရက် နံနက် ၆ နာရီခန့် တွင် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးရှေ့မှ လူအင်အား ၁ဝဝ ကျော်ဖြင့် စတင်လိုက်ပြီဖြစ်သည်။

“ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့၊ စီပီအိုင်ကုမ္မဏီကို မြန်မာနိုင်ငံက အပြီးတိုင် ထွက်ခွာသွားဖို့ ရည်ရွယ်ထားတယ်။ရွှေ့ပြောင်းခံဒေသခံတွေကို မိမိတို့နေရာ ပြန်လည်ပို့ဆောင်ပေးဖို့ အဓိက တောင်းဆိုထာပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ် လက်အောက်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစု ဗဟိုကော်မတီဝင် ဦးရဲထွဋ်ခေါင်က ပြောသည်။

ဆန္ဒထုတ်ဖော်ရာလမ်းတလျှောက်တွင် ဧရာဝတီမြစ်ဆုံဆည် အပြီးရပ်၊ ဧရာဝတီကို ဖျက်ဆီးသူ တို့ရန်သူ၊ ဧရာဝတီကို ကာကွယ်ရေး တို့အရေး၊ မြစ်ဆုံဆည်စီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး၊ ရပ်ဆိုင်းရေး၊ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း အပြီးတိုင် ဖျက်သိမ်းပေး၊ ဖျက်သိမ်းပေးစသည့် ကြွေးကြော်သံများဖြင့် လမ်းတလျှောက် ဟစ်အော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နံနက်ခြောက်နာရီ အချိန်မှစတင်၍ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ စမ်းချောင်းလမ်း၊ ကမာရွတ်မြို့နယ်တို့မှ တဆင့် ရွှေပြည်သာ မြို့နယ်ကို ဖြတ်ကာ မှော်ဘီ-တိုက်ကြီးလမ်းမကြီး အတိုင်းသွားကြသည်။ လမ်းလျှောက်ဆန္ဒထုတ်ဖော်သည့် ပထမနေ့တွင်မှော်ဘီမြို့တွင် ညအိပ်နားမည်ဖြစ်သည်။

မတ်လ ၂၄ ရက်မှ စတင်ကာ ပြည်မြို့၊ မကွေးမြို့၊ မန္တလေးမြို့၊ မန္တလေးမြို့မှတစ်ဆင့် စစ်ကိုင်းမြို့၊ ရွှေဘိုမြို့၊ ရွှေဘိုမြို့မှတစ်ဆင့် မိုးညှင်း-မြစ်ကြီးနားမှ ဧရာဝတီမြစ်ဆုံအထိ လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း ရာသက်ပန်ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ရန် မြစ်ဆုံသို့ ရောက်ရှိသည်အထိ ခန့်မှန်း ချိန်ရက် ၁ဝဝ သတ်မှတ်ထားသည်။ ဖြတ်သန်းသွားလာရာ လမ်းတစ်လျှောက်ရှိ မြို့နယ်များမှ သက်ဆိုင်ရာအာဏာပိုင်များက အဟန့်အတားတစ်စုံတစ်ရာ ပြုလုပ်ခြင်းများ ဖြစ်ပေါ်လာပါကလည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဦးရဲထွဋ်ခေါင်က မဇ္ဈိမကို ပြောသည်။

စတင်ထွက်ခွာသော မတ်လ ၂၃ ရက်တွင်တော့ ရွှေပြည်သာမြို့နယ်ကနေ အထွက်တွင် မြို့နယ်ရဲစခန်းမှ ရွှေပြည်သာမြို့ကိုဖြတ်သန်းသွားပါသည်ဆိုသော အကြောင်းကြားစာကို လက်မှတ်ထိုးခိုင်းသည့်အတွက် ဦးရဲထွဋ်ခေါင်မှ လက်မှတ်ထိုးပေးခဲ့ ရသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ဦးဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်းမောင်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်အနေဖြင့် ရန်ကုန်မြို့မှ မြစ်ဆုံရောက်သည်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်မည့် လမ်းကြောင်းကို သမ္မတဦးသိန်းစိန်ထံသို့ မတ်လ ၁၈ ရက်တွင် တင်ပြထားပြီး ဖြတ်သန်းသွားလာမည့် မြို့နယ်များမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများကိုလည်း ပူးပေါင်းပါဝင်ရန် အကြောင်းကြားစာ ပေးပို့ထားသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ သိရသည်။

ရေအားလျှပ်စစ် မဂ္ဂါဝပ် ၆ဝဝဝ ထွက်ရှိနိုင်ပြီး အများစုကို တရုတ်နိုင်ငံကရယူမည့် မြစ်ဆုံဆည်စီမံကိန်းကို ၂ဝဝ၆ ခုနှစ်တွင် တရုတ်နှင့် မြန်မာသဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းရပ်တန့်ရန် ပြည်သူအများစု၏ ကန့်ကွက် တောင်းဆိုမှု များအရ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၃ဝရက်တွင် ကျင်းပသော လွှတ်တော်အစည်းအဝေးမှတဆင့် သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်း ၅ နှစ်အတွင်း စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ခြင်းမပြုဘဲ ဆိုင်းငံ့မည်ဟု ကြေညာခဲ့သည်။

No comments:

Post a Comment