Tuesday, March 25, 2014

ဝင်ငွေတစ်သိန်းခွဲအောက် မိသားစုများကို ရုပ်သံဖမ်းစက် အခမဲ့ဖြန့်ဝေမည်

ဖြိုး

စီးပွားဖြစ်မဟုတ်သော လူမှုအသိုင်းအ၀ိုင်းများနှင့် အိမ်ထောင်စုတစ်စုတွင် တစ်လ ၀င်ငွေကျပ် တစ်သိန်း ခွဲအောက် ရရှိ သော မိသားစုများကို ဒီဗွီဘီတီတူး ရုပ် သံဖမ်းစက် (DVB – T2 Set Top Box) များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ သန်းကျော်ဖိုး အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောသည်။

မတ်လ ၂၃ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော မန္တလေးတိုင်းအတွင်းရှိ လူမှုအသိုင်းအ၀ိုင်းနှင့် လူနေ မှုအဆင့်(င) အဆင့်ရှိသော အိမ်ထောင်စုများကို ယင်းစက်များ ပေးအပ်ပွဲအခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးရှိ အစိုးရဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ မသန်စွမ်းကျောင်း စသည်တို့နှင့် စီးပွားဖြစ်မဟုတ်သော လူမှုအသိုင်းအ၀ိုင်းများ၊ ၀င်ငွေနည်း မိသားစုများအတွက် အဆိုပါ စက်အလုံးရေ သုံးသိန်းသုံးသောင်းခန့် အခမဲ့ပေးအပ်သွားမည်ဖြစ်သည်။

မန္တလေးတိုင်း မြို့နယ်၂၆ မြို့နယ်အတွက် ၎င်းစက်အလုံးရေ သုံးသောင်းကျော်ကို အခမဲ့ဖြန့်ဝေနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးအပ်ကာ အစိုးရအဖွဲ့က တိုင်းအတွင်း အဖွဲ့အစည်းများနှင့် အိမ်ထောင်စုများကို ပြန်လည် ဖြန့်ဝေပေးမည်ဖြစ်သည်။

ဒီဗွီဘီတီတူး ရုပ်သံဖမ်းစက်များဖြင့် မြန်မာ့ရုပ်မြင်သံကြား(MRTV) အပါအ၀င် ရုပ်သံလိုင်း ၁၆ လိုင်းကို အခမဲ့ဖမ်းယူ ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကျေးလက်တောရွာများ၏ လူနေမှုအဆင့်အတန်း မြင့်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒု-၀န်ကြီးဦးပိုက်ထွေးက ဆိုသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှစ၍ ရုပ်မြင်သံကြားထုတ်လွှင့်မှုကို ယခင်အသုံးပြုခဲ့သည့် အန်နာလော့ (Analog) စနစ်မှ ဒစ်ဂျစ်တယ်(Digital) စနစ်ကို ပြောင်းလဲပြီး မြန်မာ့ရုပ်မြင်သံကြားက နေ့စဉ် လွှတ်တော်သတင်းရုပ်သံလိုင်း၊ တိုင်းရင်းသားဘာသာစကား ၁၃ မျိုးဖြင့် ထုတ်လွှင့်လျက်ရှိသော တိုင်း ရင်းသားရုပ်သံလိုင်းနှင့် တောင်သူလယ်သမားရုပ်သံလိုင်း(Farmer Channel) တို့ကို တိုးမြှင့်ထုတ်လွှင့် လျက်ရှိရာ ဒီဗွီဘီတီတူး ရုပ်သံဖမ်းစက်များဖြင့် အခမဲ့ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်သည်။

No comments: