Sunday, March 23, 2014

သူဌေးကြီးဦးတေဇကို အမေရိကန်နိုင်ငံသား နှစ်ဦးက တရားစွဲဆို

သိင်္ဂီထွန်း

Htoo Group of Company ကို တည်ထောင်ခဲ့သည့် သူဌေးကြီးဦးတေဇကို အမေရိကန် နိုင်ငံသားနှစ်ဦးဖြစ်သည့် Mr.Allan Lokos နှင့် Mrs.Susanna Weiss တို့က အမေရိကန်နိုင်ငံ၏ Super Power ကို အသုံးချကာ အမေရိကန်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် တရားစွဲဆိုခဲ့သည်ဟု ဦးတေဇ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

"အမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်သော Mr. Allan Lokos နှင့် Mrs. Susanna Weiss တို့မှ အမေရိကန်နိုင်ငံ၏ Super Power ကို အသုံးချကာ မိမိအား ဘက်ပေါင်းစုံမှ ဖိအားပေး ငွေကြေးတောင်းခံခဲ့သည့်အပြင် မိမိနှင့် မိမိ တည်ထောင်ပေးထားခဲ့သော Air Bagan Co. Ltd အပါအဝင် အခြားသက်ဆိုင်ခြင်း မရှိသော ကုမ္ပဏီများကို အမေရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မမှန်ကန်သော စွပ်စွဲချက်များဖြင့် တရားစွဲဆိုခဲ့ပါတယ်။ မိမိ ကုမ္ပဏီ တည်ထောင်ခဲ့သည့် သက်တမ်းတလျှောက်အတွက်လည်း ပထမဆုံးသော တရားစွဲဆိုခံရမှု ဖြစ်ခဲ့ပါတယ်။"ဟု ဦးတေဇက သူကဖေ့စ်ဘုတ် စာမျက်နှာပေါ်တွင် ရေးသားထားခြင်း ဖြစ်သည်။

ဦတေဇအနေဖြင့် မိမိအား ထိုကဲ့သို့ မြန်မာနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ တရားရုံးသုံးရုံးတွင် တရားစွဲဆိုထားခြင်းကို ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဆိုသည်။

တရားစွဲဆိုထားသည့် အမေရိကန်နိုင်ငံသားနှစ်ဦးသည် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်က Air Bagan လေယာဉ် XY-AGC မတော်တဆမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ခရီးသည်နှစ်ဦး ဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးတေဇအနေဖြင့် ထိုအမေရိကန် နိုင်ငံသားနှစ်ဦးကို အမြန်ဆုံး ဆေးကုသမှု ခံယူနိုင်ရန်နှင့် အမေရိကန်နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိရန် ပံ့ပိုးခဲ့ပြီး လေယာဉ်ပေါ်တွင် ပါလာသူ အားလုံး၏ ထိခိုက်နစ်နာမှုအတွက် နိုင်ငံတကာ စံညွှန်းများနှင့်အညီ လုပ်ဆောင်ပေးခြင်း၊ နစ်နာကြေးပေးခြင်းများကိုလည်း လုပ်ဆောင်ပေးခဲ့သည်ဟု ဦးတေဇက ဆိုသည်။

ဦးတေဇအား အမေရိကန် နိုင်ငံသားနှစ်ဦးက အကြိမ်ကြိမ်ခြိမ်းခြောက်မှုဆန်သည့် ငွေကြေးတောင်းခံမှုများကို ပြုလုပ်ခဲ့သည်ဟု ဦးတေဇက ဆိုသည်။

No comments: