နန်းမြင့်
ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံဘေး၊ ရန်ကုန်တိုင်း တရားလွတ်တော်ရုံးရှေ့တွင် သပိတ်စခန်း ဖွင့်လှစ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃မှ မြေသိမ်းခံရသူ ဟုဆိုသူများကို အမှန်တကယ် နေထိုင်ခဲ့ကြောင်း အထောက်အထား စာရင်းကောက်ယူရာ ယခင် ၁၂၀၀ ကျော်ရှိရာမှ ယခု ၃၀၀ ကျော်သာ ရှိတော့ပြီး အဆိုပါ စာရင်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်သည်ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်စောစန္ဒာက မဇ္ဈိမကို ဧပြီ ၂၀ရက်တွင် ပြောသည်။
ဒေါ်စောစန္ဒာက“ အခုလူနည်းသွားတာက ကိုယ့်ကိုယ်ကို မမှန်ကန်မှန်းသိလို့ ဆုတ်သွားကြတာ။ အခု အထောက် အထားအပြည့်အစုံ စာရွက်စာတမ်းတွေနဲ့ တင်မယ်။ တစ်ယောက်ချင်းစီပြန်စိစစ်ပြီး လုပ်နေတယ်”ဟု ပြောသည်။
မိကျောင်းကန် မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ပြည်သူ့လွတ်တော်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တပ်စည်ပင်၊ လယ်ယာမြေနှင့် အခြားမြေစုံစမ်းရေးကော်မရှင်ကို တင်ပြထားခဲ့ရာ မြေသိမ်းခံရသူဟုဆိုသူ ၁၂၀၀ ဦးကျော် အထိရှိခဲ့သည်။
ယခုအခါ မြေသိမ်းခံရသူ ၃၃၀ကျော်အထိသာရှိပြီး မြေသိမ်းခံရသူများကို တစ်ဦးချင်းပြန် စိစစ်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို တင်ပြသွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းအစိုးရနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် ၁၊ ၂၊ ၃ မြေသိမ်းခံရသူများဟုဆိုသူများ ရန်ကုန်မြို့တော်ခန်းမ တွင် ဧပြီ ၁ရက်က တွေ့ဆုံဆွေးနွေးခဲ့စဉ်က အထောက်အထားများ ပြသပြီး စာတင်ရန်ပြောကြားခဲ့သည်အတွက် ရန်ကုန်တိုင်း အစိုးရကို ဧပြီလ စတုတ္ထ အပတ်အတွင်း စာတင်သွားမည်ဖြစ်သည်။
ဒေါ်စောစန္ဒာက “တိုင်းအစိုးရက အထောက်အထားတွေပေးပါ။ ဆောင်ရွက်ပေးမယ်လို့ ပြောထားလို့ တင်ပေးမှာ အဆင့်ဆင့် တင်ပြီးသား”ဟု ၎င်းက ဆက်လက်ပြောသည်။
မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မြေသိမ်ခံရခြင်းနှင့်ပတ်သက်ပြီး ဆန္ဒပြမှု ခုနှစ်ကြိမ်နှင့် သပိတ်စခန်း သုံးကြိမ်ဖွင့်လှစ်ခဲ့ပြီး တတိယအကြိမ် သပိတ်စခန်းကို ၂၀၁၄ခုနှစ် မတ်လ ၂၄ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ယခုအချိန်ထိ ဆက်လက် ဖွင့်လှစ်ထားဆဲဖြစ်သည်။
No comments:
Post a Comment