စည်သူအောင်
အင်းလေးဒေသရှိ မြေဧက ၂၀ ကျော်တွင် ကြယ်ငါးပွင့်အဆင့် Accor ဟိုတယ်နှင့် နိုင်ငံတကာအဆင့် ဟိုတယ်များ ဆောက်လုပ်ရန်အတွက် မြတ်မင်းကုမ္ပဏီကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက် ပေးခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သတင်းရရှိသည်။
ခွင့်ပြုချက် ပေးအပ်ရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုအတွင်း ရှိ မြေ ၁၁ ဒသမ ၅၈ ဧကတွင် ကြယ်ငါးပွင့်အဆင့်ရှိ Accor ဟိုတယ် ဆောက်လုပ်ခွင့် ပေးခဲ့ခြင်းဖြစ်ပြီး သလဲဦးကျေးရွာ အုပ်စုအတွင်းရှိ မြေ ၉ ဒသမ ၇ ဧကတွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်တည်ဆောက် ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါခွင့်ပြုချက်များကို မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဧပြီ ၂၆ ရက် တွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
မြတ်မင်းကုမ္ပဏီနှင့် Accor ဟိုတယ်အုပ်စုသည် လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ Accor ဟိုတယ်များ ဖွင့်လှစ်ရန် ဆောင်ရွက်ရာတွင် မြတ်မင်းကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၆၅ သန်း ရာနှုန်းပြည့် မြှုပ်နှံခဲ့ခြင်းဖြစ်ပြီး Accor ဟိုတယ်အုပ်စုမှ စီမံခန့်ခွဲမှုအပိုင်းကို တာဝန်ယူသွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းများ၏ ထုတ် ပြန်ကြေညာချက်များအရ သိရသည်။
အင်းလေးဒေသတွင် တည်ဆောက်မည့် ဟိုတယ်စီမံကိန်းအတွက် Novotel Inle Lake Myat Min ဟိုတယ်ဟု အမည်ပေးထားပြီး အပန်းဖြေဟိုတယ်ပုံစံ တည်ဆောက်မည်ဖြစ်ကာ အခန်းပေါင်း ၁၂၃ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဟိုတယ်များသည် အင်းလေး ဟိုတယ်ဇုန်အတွင်းပါရှိကာ လယ်ယာမြေ သိမ်းဆည်းခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ သလဲဦးကျေးရွာအုပ်စုမှ ဒေသခံများက ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြကြောင်းနှင့် အင်းလေး ဟိုတယ်ဇုန်စီမံကိန်းအတွက် လယ်မြေ ၆၂၂ ဧကခန့် သိမ်းဆည်းခဲ့ ကြောင်း ရှမ်းပြည်နယ်အစိုးရထံမှ သိရသည်။
မြတ်မင်းကုမ္ပဏီနှင့် Accor ဟိုတယ်အုပ်စုတို့သည် အင်းလေးဒေသတွင် ဆောင်ရွက်နေသည့် စီမံကိန်း အပြင် ရန်ကုန်မြို့ ဥက္ကလာဂေါက်ကွင်းအနီး လေးဧက အကျယ်ရှိ မြေကွက်ပေါ်တွင်လည်း ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်နှင့် အဆင့်မြင့် အခပေး လူနေအဆောက်အအုံများ တည်ဆောက်သွားမည် ဖြစ်သည်။
ထို့အပြင် မြတ်မင်းကုမ္ပဏီသည် အနာဂတ်ကာလများတွင် ပုဂံ၊ ငပလီ၊ မန္တလေးကဲ့သို့ မြန်မာနိုင်ငံ၏ အချက်အချာ နေရာများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားထား သည်။
Accor ဟိုတယ်အုပ်စုသည် အထက်ပါလုပ်ငန်းများအပြင် မြန်မာနိုင်ငံတွင် MGallery Hotel Nay Pyi Taw ၊ The Novotel Yangon Max၊ The Novotel Mandalay Mingalar ဟိုတယ်များကိုလည်း ဖွင့်လှစ် သွားမည် ဖြစ်သည်။
အဆိုပါ ဟိုတယ်လုပ်ငန်းစုသည် နိုင်ငံပေါင်း ၉၂ နိုင်ငံကျော်တွင် ဟိုတယ် ၃,၅၀၀ ကျော် ဖွင့်လှစ်ထားပြီး အခန်းပေါင်း ၄၅၀,၀၀၀ ကျော် ၀န်ဆောင်မှုပေးနေသည့် ကမ္ဘာ့အကြီးဆုံး ဟိုတယ်လုပ်ငန်းစု တစ်ခု ဖြစ် သည်။
No comments:
Post a Comment