Saturday, May 24, 2014

“ကျင့်ဝတ်လိုက်နာသော သတင်းသမားကောင်းဆွေးနွေးပွဲ” ဆူဆူညံညံကျင်းပ

Mizzima

လူငယ်အများအပြားနေရာယူလာသည့် မီဒီယာကဏ္ဍတွင် “ကျင့်ဝတ်လိုက်နာသော သတင်းသမားကောင်းဆွေး နွေးပွဲ” ခေါင်းစဉ်ဖြင့် မဇ္ဈိမသတင်းစာ၏ တစ်နှစ်ပြည့်အထိမ်းအမှတ် ဆွေးနွေးပွဲကို မေ ၂၃ ရက်က ရန်ကုန်မြို့၊ Sule Orchid ဟိုတယ်တွင် ကျင်းပခဲ့သည်။

ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ Yangon Journalis m School တည်ထောင်သူ ဦးရဲနိုင်မိုး၊ မြန်မာတိုင်းမ်မှ အကြီးတန်းသတင်းထောက် ကိုကျော်ဖုန်းကျော်နှင့် 7 Days နေ့စဉ် သတင်းစာမှ အကြီးထောက်သတင်းထောက် မအေးသူစံတို့က ဦးဆောင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဓိကအားဖြင့် လူငယ်သတင်းသမားများ၏ သတင်းကျင့်ဝတ်နှင့် အရည်အချင်းရှိသော သတင်းသမားကောင်း များစွာ ထွက်ပေါ်လာရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

“ကျင့်ဝတ်ဆိုတာကတော့ ဘယ်နယ်ပယ်မှာမဆို ရှိပါတယ်။ ကျင့်ဝတ်ကို လိုက်နာခြင်းမလိုက်နာခြင်းက တစ်ဦးချင်းရဲ့အပေါ်မှာ မူတည်တယ်။ လိုက်နာခြင်းမလိုက်နာခြင်းကလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုအပေါ် မှာမူတည်တယ်” ဟု ဦးကျော်မင်းဆွေက ပြောသည်။

ယင်းအပြင် လူငယ်သတင်းသမားများအတွက် အရေးပါသည့် အင်္ဂလိပ်စာအရည်အသွေး၊ လာဘ်ပေးလာဘ်ယူ မှု၊ ဝတ်စားဆင်ယင်မှု၊ သတင်းရင်းမြစ်တို့နှင့် ပြောဆိုဆက်ဆံမှုတို့ကိုလည်း ဆွေးနွေးပွဲ တက်ရောက်လာသည့် သတင်းသမားများက ဆွေးနွေးခဲ့သေးသည်။

“ကျင့်ဝတ်တွေက လိုက်ကိုလိုက်နာရမယ့် အခြေအနေဖြစ်တယ်။ ကျင့်ဝတ်ပြဿနာက နိုင်ငံတိုင်းမှာ ရှိပါတယ်။ လုံးဝပျောက်အောင်တော့ မဖြစ်နိုင်ပါဘူး” ဟု ဦးရဲနိုင်မိုးက ဆွေးနွေးခဲ့သည်။

ထိုဆွေးနွေးပွဲသို့ မီဒီယာအသီးသီးမှ သတင်းသမား တစ်ရာခန့်တက်ရောက်လာပြီး သတင်းသမားများကလည်း တက်တက်ကြွကြွဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment