Monday, May 5, 2014

သတင်းထောက်များ ဖမ်းဆီးမှု ချက်ချင်းအဆုံးသတ်ရန် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

သိင်္ဂီထွန်း

မြန်မာအစိုးရ အနေဖြင့် စာနယ်ဇင်းသမားများအား ဖမ်းဆီးနေခြင်းများကို ချက်ခြင်း အဆုံးသတ်သင့်ပြီး မြန်မာနိုင်ငံ၏ မီဒီယာဥပဒေများကိုလည်း သတင်းလွတ်လပ်ခွင့်မြှင့်တင်ပေးသည့် ဥပဒေများဖြစ်ရန် မေလ ၃ရက်တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW) က တိုက်တွန်းလိုက်သည်။

“မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့် တိုးတက်လာခဲ့ခြင်းအပေါ် နိုင်ငံတကာက ချီးကျူးမှုများမှာ မြန်မာအစိုးရက စာနယ်ဇင်းသမားများကို ဖမ်းဆီးမှုများနှင့် ခြိမ်းခြောက်မှုများကြောင့် ပျက်ပြားသွားခဲ့ရသည်” ဟု HRW ၏ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောသည်။

“ခုလိုမျိုး ဒုံရင်းအခြေအနေကို ပြန်ပြီးရောက်သွားတဲ့အတွက်၊ သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သတ်ပြီး မြန်မာအစိုးရရဲ့ ပြုမူပုံအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်” ဟုလည်း ဆိုသည်။

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ် (FIDH)နှင့် FIDH ၏ အဖွဲ့ဝင် စင်ပြိုင်အာဆီယံကွန်ယက်-မြန်မာ (ALTSEAN-Burma) တို့ကလည်း မေလ ၂ရက်က ဖမ်းဆီးခံထားရသည့် မြန်မာသတင်းထောကများကို ပြန်လွှတ်ပေးရန်နှင့် မြန်မာအစိုးရအနေဖြင့် စာနယ်ဇင်းသမားများအပေါ် နှိပ်ကွပ်မှုများကို အဆုံးသပ်ရန် တိုက်တွန်းထားသေးသည်။

“သမ္မတ ဦးသိန်းစိန် လက်ထက်မှာ စာနယ်ဇင်းသမားတွေကို နှိပ်ကွပ်နေပုံဟာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ စစ်အစိုးရက ပြုမူခဲ့တဲ့ နည်းလမ်းတွေနဲ့ ဆင်တူနေပါတယ်” ဟုလည်း FIDH ဥက္ကဌ Karim Lahidji က ဆိုထားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စ၍ မြန်မာအာဏာပိုင်များသည် စာနယ်ဇင်းသမား အများအပြားကို ဖမ်းဆီးထိန်းသိမ်းခြင်းများနှင့် စွဲချက်တင်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ထိုကဲ့သို့ ဖမ်းဆီးခြင်းများသည် နိုင်ငံရေးကြောင့် ဖြစ်ကြောင်း သိသာထင်ရှားနေကာ၊ ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှု၊ ခွင့်ပြုချက်မရဘဲ ဆန္ဒပြခြင်း နှင့် အခြားသော ဥပဒေများကို ချိုးဖောက်ခြင်းစသော စွဲချက်များကို အာဏာပိုင်များက အသုံးပြုခဲ့ကြောင်း HRW က ထောက်ပြထားသည်။

မြန်မာနိုင်ငံတွင် သတင်းစာနယ်ဇင်းလွတ်လပ်ခွင့် ပိုမိုရရှိရေးနှင့် ဖမ်းဆီးထားသည့် သတင်းထောက်များကို လွှတ်ပေးရန် ဧပြီလ ၂၆ရက်တွင် ပြည်မြို့၌ ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ခဲ့သူ မဇ္ဈိမသတင်းထောက် ကိုရေခဲ(ပြည်) ကို အာဏာပိုင်များက ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုမှုများ ပြုလုပ်ထားသည်။

ဧပြီလ ၇ရက်ကလည်း မကွေးတိုင်း DVBသတင်းထောက် ကိုဇော်ဖေကို မကွေးမြို့နယ် တရားရုံးက ပိုက်နက်ကျူးလွန်မှု နှင့် ဝတ္တရား နှောင့်ယှက်မှု စွဲချက်များဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။ ယင်းအပြင် Unity အပတ်စဉ် ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်အပါအဝင် သတင်းထောက် လေးဦးကို နိုင်ငံတော်လျို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ဇန်နဝါရီလအတွင်း စွဲချက်တင်ကာ ဖမ်းဆီးထားသည်။

ယင်းကဲ့သို့ သတင်းထောက်များအား ဖမ်းဆီးထောင်ချမှုများသည် ကောင်းမွန်သည့် အခြေအနေတစ်ရပ် မဟုတ်ကြောင်း၊ ယင်းအခြေအနေသည် မီဒီယာဥပဒေ၏ ဟာကွက်တခုဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က မေလ ၃ရက်က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် ပြုလုပ်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားအပြီး မီဒီယာများကို ပြောကြားခဲ့သည်။

HRW ၏ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကလည်း “ဥပဒေသစ်တွေရဲ့ မပြတ်သားတဲ့ အန္တရာယ်ရှိတဲ့ ပြဌာန်းချက်တွေကြောင့်၊ မြန်မာအစိုးရဟာ မီဒီယာတွေ အပေါ် သိမ်သိမ်မွေ့မွေ့ ကန့်သတ်ထိန်းချုပ်ခွင့် ရသွားနိုင်ပါတယ်” ဟု HRW၏ မေလ ၃ရက်နေ့ထုတ် ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“စာနယ်ဇင်းသမားတွေအပေါ် ကန့်သတ်ထိန်းချုပ်မှုတွေ ဖယ်ရှားပေးခြင်းနဲ့၊ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို ဂုဏ်ပြုသင့်ပါတယ်။ ဖမ်းဆီးမှု အသစ်တွေ၊ ဖိနှိပ်တဲ့ မီဒီယာ ဥပဒေတွေနဲ့၊ ဒီနေ့ကို အမှတ်အသား မပြုသင့်ပါဘူး၊ သတင်းစာ လွတ်လပ်ခွင့်ရှိမှ၊ စာနယ်ဇင်းသမား အခွင့်အရေးတွေ အပေါ် အစိုးရက လေးစားမှု ရှိမှ၊ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးဟာ ရှေ့ဆက်သွားနိုင်ပါလိမ့်မယ်”ဟု သူက ဆက်ပြောသည်။

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် "ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မီဒီယာလွတ်လပ်ခွင့်" ဟူသော ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်းကာ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် နံနက် ၉နာရီက ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် တက်ရောက်ကာ မြန်မာနိုင်ငံ၏ သတင်းအချက်အလက် ပျံ့နှံ့စီးဆင်းမှုသည် နိုင်ငံပိုင် မီဒီယာ၊ ပုဂ္ဂလိကပိုင်မီဒီယာ၊ အများပြည်သူဝန်ဆောင်မှုမီဒီယာနှင့် လူမှုအသိုက်အဝန်း မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှု ရှိလာတော့မည်ဟု ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေကိုမူ ဝန်ကြီးက ထည့်သွင်းပြောကြားခြင်း မရှိပေ။

No comments: