Saturday, May 24, 2014

နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု သုံးသန်းအထိ တိုးမြှင့်လျာထားသော်လည်း ကျော်လွန်ဖွယ်ရှိနေ

ထင်လင်းအောင်

မြန်မာနိုင်ငံသို့ ယခု ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်ဦးရေ သုံးသန်း ၀င်ရောက်ရန် တိုးမြှင့်လျာထားသော်လည်း လျာထားချက်ထက် ကျော်လွန်ဖွယ်ရှိနေသည်ဟု ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များက မဇ်္ဈိမကို ပြောကြားလိုက်သည်။

ထို့ပြင် ယခုနှစ်အတွင်း ခရီးသွား တိုးတက်ဝင်ရောက်မှုများကြောင့် ခရီးသွာလုပ်ငန်းသည် ၂၀၁၄ ခုနှစ်တွင် ပြည်ပ၀င် ငွေတိုးမြှင့်ရရှိရေးအတွက် အလားအလာ ကောင်းမွန်သည့် ကဏ္ဍတစ်ရပ် ဖြစ်နေသည်ဟု ဟို တယ်/ခရီးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်းရှင်များက မေ၂၂ရက်တွင် ပြောခြင်းဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက “ဧပြီလကုန်အထိမှာ တစ်သန်းကျော် ၀င်ခဲ့တယ်။ အခု မေလလယ်မှာဆိုရင် တစ်သန်းနဲ့တစ်သိန်းကျော် ၀န်းကျင်လောက် ၀င်ရောက်ခဲ့ပြီးပါပြီ”ဟု မဇ်္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေလျက်ရှိသော နိုင်ငံရေးဆန္ဒပြမှုများနှင့် ဗီယက်နမ်နိုင်ငံတွင် ဖြစ်ပွားနေသော ဗီယက်နမ်-တရုတ် ပဋိပက္ခဖြစ်စဉ်များကြောင့် အဆိုပါနိုင်ငံများသို့ သွားရောက် လည်ပတ်မည့် ခရီးသွား များအနက်မှ မြန်မာနိုင်ငံအပေါ် ရွေးချယ်မှုများရှိလာနိုင်သည်ဟု Ruby Land ခရီးသွားဝန်ဆောင်မှု လုပ် ငန်းမှ ဥက္ကဋ္ဌ ဦးအေးကျော်က ဆိုသည်။

မြန်မာနိုင်ငံသည် ခရီးသွားချင်စရာ အကောင်းဆုံး နံပါတ်တစ်နေရာ ဖြစ်သည်ဟု ကမ္ဘာ့ခရီးသွား အဖွဲ့ အစည်း WTO (World Trousim Organization)က ထုတ်ပြန်လိုက်ထားရာ အမေရိကန်နှင့် ဥရောပ အုပ်စုနိုင်ငံများမှ ခရီးသွားဧည့်သည်များလည်း ယခင်နှစ်များထက် တိုးတက်လာနိုင်သည်ဟု ဆက်လက် ပြောသည်။

ဦးအေးကျော်က “ထိုင်းနဲ့ ဗီယက်နမ် မှာဖြစ်နေတဲ့ ပြဿနာတွေနဲ့WTO ရဲ့ထုတ်ပြန်ချက်တွေဟာ မြန်မာကို ခရီးသွားဧည့်သည် ပိုဝင်စေတဲ့အချက်တွေ ဖြစ်လာမှာပါ။ ၀င်ရောက်မှုနှုန်းကလည်း မှန်းထားတာထက် ကျော်သွားဖို့ ရှိနေတယ်” ဟု ဆိုသည်။

သို့ရာတွင် မြန်မာနိုင်ငံသည် အာဆီယံ နှင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ ဟိုတယ် ငှားရမ်းမှုစရိတ်မှာ သုံးဆခန့်မြင့်မားနေရာ အရှိန်အဟုန်ဖြင့် ၀င်ရောက်လာမည့် ခရီးသွားဧည့်သည်များ ကို တားဆီးစေသည့် အဓိကအချက်ဖြစ်နေသည်ဟု ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များက ဆိုသည်။ ခရီးသွားရာသီတွင် မြန်မာဟိုတယ်များ၏ အနိမ့်ဆုံးဈေးမှာ ကန်ဒေါ်လာ ၁၀၀ ကျော် ဖြစ်သည်။

No comments: