Sunday, May 4, 2014

ရှမ်းပါတီနှစ်ခု ပူးပေါင်းရေး ပထမအကြိမ် တွေ့ဆုံဆွေးနွေးနေ

ဂျွန်ချစ်ငြိမ်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့ နှစ်ပါတီ ပေါင်းစည်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက်ရှိ Heart Beat စားသောက်ဆိုင် ခန်းမတွင် မေ ၃ရက် နံနက် ၉နာရီတွင် ပြုလုပ်နေပြီဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLDဘက်မှ ဆွေးနွေးပွဲတွင်ပါဝင်သည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးစိုင်းခင်မောင်ညွန့်က "ရှမ်းနှစ်ပါတီ တွေ့ဆုံဆွေးနွေးခြင်းဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်၊ ဒီဆွေးနွေးပွဲ ဖြစ်ပေါ်လာဖို့လည်း နှစ်ဖက်ညှိင်းပြီး ကြိုးစားခဲ့တာ ဒီနေ့တော့ လက်တွေ့ ဖြစ်ပေါ်လာပါပြီ" ဟု မဇ္ဈိမကို ပြောသည်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သတ်ပြီး မည်သည့်အကြောင်းအရာကို အဓိကထားဆွေးနွေးမည်ကို နှစ်ဖက် ကိုယ်စားလှယ်များက ပြောဆိုခြင်းမရှိဘဲ ဆွေးနွေးပွဲပြီးဆုံးချိန်တွင် မီဒီယာများကို ထုတ်ပြန်ပေးမည်ဟု ဆွေးနွေးပွဲ ကိုယ်စားလှယ်များက ဆိုသည်။

ဆွေးနွေးပွဲတွင် နှစ်ဖက်ခေါင်းဆောင်များအား လာရောက်ကြိုဆိုသည့် ရှမ်းအမျိုးသမီးအဖွဲ့ မှ မနန်းဆိုင်ဟွမ်က "ကျွန်မတို့အနေနဲ့ ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်၊ ဘာကြောင့်လည်းဆို ရှမ်းဆိုတာ တစ်ခုပဲ ဖြစ်စေချင်ပါတယ်၊ ဆွေးနွေးပွဲ ရလာဒ်အကောင်း ထွက်ပေါ်လာမယ်လို့လည်း မျှော်လင့်ထားပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းဌာနချုပ် ၀မ်ဟိုင်းတွင် ဧပြီလက ကျင်းပခဲ့သည့် ရှမ်းပြည်တပ်မတော် ရွှေရတု အခမ်းအနားတွင်လည်း ရဟန်း၊ ရှင်လူ ပြည်သူများ၊ မဟာမိတ် အဖွဲ့အစည်းများ အားလုံးက ရှမ်းနှစ်ပါတီ ပူးပေါင်းဆောင်ရွက်ရေး နှင့် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ပူးပေါင်းရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသေးသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLDဘက်မှ ကိုယ်စားလှယ် ဦးစိုင်းခင်မောင်ညွန့်က ပြောသည်။

ရှမ်းနှစ်ပါတီ ပူးပေါင်းရေးအတွက် ဆွေးနွေးပွဲကို ရှမ်းအမျိုးသမီးအဖွဲ့၊ ရှမ်းလူငယ်များအသင်း ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေး (တောင်ကြီး) နှစ်ဖက် ပါတီမှ လူငယ်များ၊ ရှမ်းတိုင်းရင်းသားများက ရှမ်းအိုးစည်၊ ရှမ်းရိုးရာ ကန္ဒှီရီ ကန္ဒီရာ အက၊ တိုးနယား အက များဖြင့် ကြိုဆိုခဲ့ကြသည်။

ပါတီနှစ်ခု ပေါင်းစည်းရန် ဆွေးနွေးမှုကို နံနက် ၉နာရီ မှ ညနေ ၄နာရီအထိ ဆွေးနွေးသွားမည် ဖြစ်ပြီး ဆွေးနွေးပွဲပြီးစီးပါက မီဒီယာ တွေ့ဆုံမှု ပြုလုပ်ပေးသွားမည်ဟုလည်း ဆွေးနွေးပွဲ တွင်ပါဝင်ကြသည့် နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

ဆွေးနွေးပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင် ဦးဆောင်သည့် ကိုယ်စားလှယ် (၅) ဦး နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP မှ ဒုဥက္ကဌ ဦးစိုင်းဆောင်ဆီ ဦးဆောင်သည့် ကိုယ်စားလှယ် (၅) ဦးစီ ပါဝင် ဆွေးနွေးလျက်ရှိသည်။

No comments:

Post a Comment