Sunday, May 4, 2014

အင်ဂျင်ပါဝါ ၁၃၀၀ နှင့် ၁၅၀၀ စီစီကားများ နယ်အဝယ်လိုက်နေ

ဖြိုးဝေလင်း

အခွန်ကောက်ခံမှုနှုန်းထားများ ကျဆင်းသွားခဲ့ပြီး နောက်ပိုင်းတွင် ရန်ကုန်ကားဈေးကွက်အတွင်း အင်ဂျင်ပါဝါ ၁၃၀၀ နှင့် ၁၅၀၀ စီစီကားများ နယ်အဝယ်လိုက်နေသည်ဟု မင်းရဲကျော်စွာ ကားဝယ်ရောင်းစခန်းမှ ကားဝယ်၊ ရောင်းလုပ်ကိုင်သူ ဦးသိန်းထွန်းက မဇ္ဈိမကိုပြောသည်။

“အခုနောက်ပိုင်း အင်ဂျင်ပါဝါ ၁၃၀၀ နဲ့ ၁၅၀၀ ကားဈေးတွေကလည်း ကျလာတော့ နယ်သမားတွေ အဝယ်လိုက်တယ်။ သူတို့က ဟိုမှာ သိန်း ၁၀၀ လောက်နဲ့ ရောင်းပြီး ဒီမှာ ၈၅ လောက်နဲ့ ပြန်လာဝယ်ကြတာ။ အများစုကတော့ ခိုင်းဖို့အတွက်ပဲ ဝယ်ကြတာ” ဟု ၎င်းကဆိုသည်။

လက်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ်မြို့များမှ အဝယ်လိုက်နေပြီး တစ်ရက်လျှင် PROBOX နှင့် NISSAN AD Van ကားအစီး ရေ ၁၀ စီးမှ ၁၅ စီးအထိအရောင်းအဝယ်ဖြစ်နေသည်ဟု ဦးသိန်းထွန်းက ဆက်လက်ရှင်းပြသည်။

အထက်ပါ ကားများအဝယ်လိုက်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီ ဖြစ်ပြီး နံပါတ်ထွက်ပြီးသား NISSAN AD Van တစ်စီးလျှင် ကျပ် ၆၇၊ ၆၈ သိန်း၊ PRO BOX တစ်စီးလျှင်ကျပ် ၇၅ သိန်း ခန့်သာရှိကြောင်း ၎င်းကပြောသည်။

လက်ရှိကားဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းလာသော အင်ဂျင်ပါဝါ ၁၃၀၀ နှင့် ၁၅၀၀ စီစီကားများသာ အဝယ်လိုက်နေပြီး အင်ဂျင်ပါဝါ ၁၈၀၀ စီစီကားများမှာ ဈေးနှုန်းကျဆင်းခြင်းမရှိသဖြင့် အဝယ်အေးနေကြောင်း၊ ယခုအရောင်းသွက်နေသော ကားများမှာလည်း မေလဒုတိယပတ်ခန့်တွင် အရောင်းအဝယ်ပြန်အေးနိုင်သည်ဟု သီရိမင်္ဂလာဈေးဟောင်း ကားဝယ်/ရောင်းစခန်းမှ လုပ်သက်ရင့်ကားဝယ်/ရောင်း လုပ်ကိုင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

“အင်ဂျင်ပါဝါကြီးတဲ့ ကားတွေက ဈေးမကျတော့ သိပ်မရောင်းရဘူး။ အခုရောင်းနေရတဲ့ ကားတွေကလည်း နောက်တစ်ပတ်လောက်ဆို အဝယ်ပြန်ကျလာနိုင်တယ်။ အခုတောင်ကားအစီး သုံး လေးဆယ်လောက် ရောင်း ထွက်သွားပြီဆိုတော့ နောက်တစ်ပတ်လောက်ဆို ဈေးကွက်ပြန်ငြိမ် နိုင်တယ်”ဟု ၎င်းကဆိုသည်။

No comments:

Post a Comment