Sunday, May 4, 2014

ကမ္ဘာ့ကဗျာနေ့ အခါသမယများကို ဖြတ်သန်းခြင်း

မောင်လင်းရိပ်

ဒီနှစ် မတ်လ ၂၁ ရက်နေ့ ကမ္ဘာ့ကဗျာနေ့မှာ ပြီးခဲ့တာတွေ လည်ပြန် ကြည့်လိုက်တော့ နှစ်စဉ် ဒီရက်မှာ ဒီနေ့ကျင်းပဖို့ ကျနော်တို့ ကြောင့်ကြစိုက် လှုပ်ရှားဆောင်ရွက်ခဲ့တာ ၁၁ နှစ် ရှိခဲ့ပြီပဲ။

၂၀ဝ၄ ကျနော် မြန်မာ ebook မှာ လုပ်နေစဉ် ကဗျာမြှင့်တင်မှု အစီအစဉ်ကို အွန်လိုင်းပေါ် တင်ဖို့ လုပ်ကြတော့ ထွက်နေတဲ့ ကဗျာစာအုပ်လေးတွေ ebook လုပ်၊ သက်ဆိုင်ရာ ကဗျာဆရာတွေဆီ ဆက်သွယ် ခွင့်တောင်းပြီး အွန်လိုင်းပေါ်တင်၊ ကဗျာဆရာကိုးဦး ကို ကမ်းလှမ်းပြီး ကဗျာရွတ်ထားတဲ့ အသံဖိုင်တွေ အွန်လိုင်းပေါ်တင်ဖို့ စီစဉ် စတာတွေ လုပ်နေရင်းက ကဗျာရွတ် အသံသွင်းပေး တဲ့ ကဗျာဆရာထဲ ပါတဲ့ ကိုဇေယျာလင်းက ယူနက်စကိုရဲ့ ကမ္ဘာ့ကဗျာနေ့ အကြောင်း သတင်းပေး လာတယ်။

အဲဒီတုန်းက ဒီ ebook ပရောဂျက်ကို တာဝန်ယူထားတဲ့ ကိုမျိုးမြတ်သူနဲ့ နှစ်ယောက်သား တိုင်ပင်ကြပြီး မြန်မာ ebook က ကမ္ဘာ့ကဗျာနေ့ ကျင်းပဖို့ စပြီး စီစဉ်ဖြစ်ခဲ့ ကြတာပဲ။

လုပ်ငန်းရုံးခန်းမှာ ခပ်ကျဉ်းကျဉ်း လုပ်တဲ့ပွဲဆိုတော့ ဆက်နွှယ်ရာ ကဗျာဆရာ ၃၀ ခန့်ကိုပဲ ဖိတ်ကြားနိုင်ခဲ့၊ ပါဝင်နိုင်ခဲ့တယ်။ ဇေယျာလင်းရဲ့ သတင်းအစကို အင်တာနက်ပေါ်တက်ပြီး မွှေနှောက်ဆွဲချတော့ ကမ္ဘာအရပ်ရပ်က ကဗျာနေ့ကျင်းပတဲ့ အကြောင်းတွေနဲ့ ယူနက်စကိုရဲ့ ဆော်ဩမှုနဲ့ ၂၀ဝ၀ ပြည့်နှစ်ကစ ကျင်းပကြတဲ့ မတ် ၂၁ ကမ္ဘာ့ကဗျာနေ့ အကြောင်းလည်း ပြည့်ပြည့်စုံစုံ ဂဃနဏ သိခဲ့ရတာပေါ့လေ။

ခေတ်တွေ ပြောင်း၊ အကြိုက်တွေ ပြောင်း၊ လိုအပ်ချက်တွေ ပြောင်း၊ နန်းသစ်တက်မယ့် အရာတွေ ပေါ်လာတော့လည်း ဘာတဲ့၊ ယူနက်စကိုရဲ့ ကဗျာနဲ့ ပတ်သက်လို့ တိုးမြှင့်လုပ်ဆောင်ရန် အချက်တွေထဲမှာ “မီဒီယာတွေမှာ ကဗျာရဲ့ပုံရိပ်တွေ ရှိနေခြင်းအားဖြင့် ကဗျာမှု အနုပညာကို ခေတ်တိမ်တဲ့ အနုပညာပုံစံလို့ ဆက်မစဉ်းစားကြဖို့ အပြင်” ဆိုပါလား။

ကဗျာအနုပညာကို အထူးပြုထားတဲ့ နေ့ ဆိုတော့ ကဗျာဆရာတွေ စိတ်ထဲ လှုပ်ရှားရင်ခုန်စရာ။ ယူနက်စကိုက ကဗျာနေ့ အခါသမယမှာ ကဗျာလောက အကျိုးအတွက် ဖြစ်ထွန်းနိုင်မယ့် ကိစ္စတွေ စဉ်းစားဖို့၊ ဆောင်ရွက်ဖို့ ဆိုတာ ဦးဆုံးကဗျာဆရာတွေ ဆုံကြ ရမှာ မဟုတ်လား။ ဆရာသစ္စာနီ ပြောသလို ကဗျာညီညွတ် ရေးမလို၊ ကဗျာဆရာ ညီညွတ်ရေးသာ လိုတယ်။

ညီညွတ်ရေးကနေ သွေးစည်းရေး အထိ မြှင့်တင်ကြရမယ်။ ဒီလိုနဲ့ ကျနော်တို့ လုပ်ငန်းရုံးခန်းကိုပဲ အခမ်းအနား ကျင်းပရာ ခန်းမအဖြစ် ပြောင်းပြီး မြန်မာ ebook မှာကမ္ဘာ့ကဗျာနေ့တွေ ၃ နှစ်ဆက်တိုက် ကျင်းပဖြစ်ခဲ့တယ်။ ဒုတိယနှစ်နဲ့ တတိယနှစ်တွေမှာ မြန်မာ ebook ရဲ့ ကမ္ဘာ့ကဗျာနေ့ အမှတ်တရ ကဗျာဆုကိုလည်း မဂ္ဂဇင်းကဗျာတွေထဲကနေ ရွေးချယ်ပြီး ပေးနိုင်ခဲ့တယ်။

ရန်ကုန်မှာ တင်မက၊ နယ်တွေမှာလည်း ကျင်းပ ဖြစ်ခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့် အဲဒီခေတ် အဲဒီနေ့ ရက်တွေမှာ ကဗျာဖတ်ပွဲ အခမ်းအနား လုပ်ကြရတယ်ဆိုတာ လွယ်တဲ့ကိစ္စ တရပ်တော့ မဟုတ်လှဘူး။ ဒါကြောင့် ကိုယ့်ဘေးကိုယ် ကြည့်ပြီး ဘေးကင်းရာ အဆင်ပြေရာမှာပဲ ခပ်ကျဉ်းကျဉ်း ခပ်တန်တန် ကျင်းပခဲ့ ကြရတာပဲ။

ကျနော်တို့ကတော့ လုပ်ငန်းကုမ္ပဏီ အမိုးအောက်မှာ လုပ်ခဲ့ကြတာပေါ့။ ဒီနှစ် ကမ္ဘာ့ကဗျာနေ့မှာ ထုတ်ဝေတဲ့ ကမ္ဘာ့ကဗျာနေ့ ကဗျာစုစည်းမှု စာအုပ်မှာတော့ ကမ္ဘာ့ကဗျာနေ့များ ဆိုတဲ့ လင်းဝေးခက်ရဲ့ ဆောင်းပါးကို ပြည့်ပြည့်စုံစုံ ဖတ်ရတယ်။ အလားတူပဲ၊ ကဗျာနေ့ကို ကျင်းပဆောင်ရွက်ခဲ့တဲ့ ကဗျာဆရာတွေက သူတို့ အမှတ် ရချက်နဲ့ မှတ်တမ်းကို ရေးသားခဲ့မယ် ဆိုရင် စစ်အစိုးရခေတ် အောက်က စပြီးကျင်းပခဲ့တဲ့ မြန်မာကဗျာဆရာ တွေရဲ့ ကမ္ဘာ့ကဗျာနေ့ အကြောင်းကို ပြည့်စုံတဲ့ မှတ်တမ်းရေးရာမှာ အထောက် အကူ ရမှာပဲ။

ဦးဆုံးကျင်းပတဲ့ နှစ်မှာကို ကဗျာစာအုပ် ထုတ်ဝေရေးနဲ့ ပတ်သက်တဲ့ အလွတ်သဘော ဆွေးနွေးတဲ့ အစီအစဉ်ကို ထည့်ပေးခဲ့ တယ်။ လူငယ် ကဗျာဆရာလည်း ဖြစ်၊ ထုတ်ဝေရေးလည်းလုပ်နေတဲ့ သူတယောက်ရဲ့ တုတ်ထိုးအိုးပေါက် ဆွေးနွေးချက်ကို တချို့ဆရာကြီး၊ ဆရာမကြီးတွေက နားဝင်မချို ဖြစ်ကြတာကိုလည်း မှတ်မိတယ်။ သူ့ အပြောနဲ့ သူ့အမူအရာက လူကြီးတွေအမြင်မှာ သိပ်မယဉ်ဘူး ပေါ့လေ။ ဒါပေမယ့် သူ့ဆွေးနွေးချက်က ပကတိလက်တွေ့ အခြေအနေကို ထင်ဟပ်နေတာကို ကျနော်တို့ မယူလိုက် ကြဘူး။ အတိအကျ မမှတ်မိတော့ ပေမယ့် ကဗျာဆရာ ငါးရာမက ရှိနေတဲ့ ကဗျာလောကမှာ ကဗျာစာအုပ် ၅၀ဝ တောင် မကုန်တဲ့ အချက်ကို သူဆွေးနွေးသွားတာပါ။

နောက်တနှစ် မှာတော့ ဆရာ ကြီးမင်းသုဝဏ်လည်း ကွယ်လွန်ပြီးစ နှစ်ပိုင်းအတွင်းဆိုတော့ အမျိုးသားစာဆိုကြီးရဲ့ ဘဝနဲ့ဓာတ်ပုံမှတ်တမ်းကို ဆလိုက်ထိုးပြရင်းသူ့ရဲ့ ခေတ်အဆက်ဆက် ကဗျာတချို့ကို ဂုဏ်ပြုရွတ်ဖတ် ခဲ့တယ်။ စာရေးဆရာ၊ ကဗျာဆရာ အောင်ပြည့်က မင်းသုဝဏ်ရဲ့ လေးချိုးတပုဒ်ကို ဋ္ဌာန် မာန် အပြည့်နဲ့ ရွတ်သွားခဲ့တာရယ်၊ အဲဒီတုန်းက ebook မှာ အယ်ဒီတာ လုပ်နေတဲ့ တူးတူးသာရဲ့ သားငယ်က ကလေး ကဗျာ တပုဒ်ကို ရွတ်သွားတာရယ်က (တကယ်က ကိုပြည့်နဲ့ တူးတူးသာရဲ့ သား ကလည်းမြေးအဘိုး တော်စပ်နေတာ) ထူးထူးခြားခြား မှတ်မှတ်ရရပဲ။ နောက်တနှစ် ပွဲကျတော့ ဆရာအောင်ပြည့် ဆုံးရှာပြီ။ ကဗျာနေ့ကို မတက်ရောက်နိုင် တော့ဘူး။

၂၀ဝ၇ ခုနှစ် မှာတော့ လုပ်ငန်းအခြေအနေ အရ ကျနော်တို့ မလုပ်ဖြစ်ကြဘဲ မစ္စတာဘရောင်းမှာ စာရေးဆရာမ ယဉ်မင်းဦးရဲ့ အဝါရောင် ပိတောက်ပျို စာအုပ် ထုတ်ဝေ မိတ်ဆက်ပွဲနဲ့ တွဲဖက်ကျင်းပတဲ့ ကမ္ဘာ့ကဗျာနေ့ကိုပဲ ကျနော်တို့ ပူးပေါင်း တက်ရောက် ခဲ့ကြတယ်။

၂၀ဝ၈ ကျတော့ မြန်မာ ebook ငါးနှစ်ပြည့်ပွဲကို အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာနမှာ ခမ်းခမ်းနားနား ကျင်းပပြီးစနဲ့ အလုပ် တွေ များနေတဲ့ အချိန်ဆိုတော့ ကျနော်တို့ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကို စီစဉ်ကျင်းပဖို့ ကျနော်တို့ အဆင်မပြေခဲ့ဘူး။

ဒီလိုပဲ ၂၀ဝ၉ မှာလည်း မစီစဉ်နိုင်ခဲ့ဘဲ မီဒီယာပေါ်မှာပဲ ကျင်းပလိုက်ကြမယ် ဆိုပြီး MRTV-4 ရဲ့ ဆန်းဒေးတော့ခ် အစီအစဉ်မှာ ကျနော်နဲ့ ဆရာသစ္စာနီနဲ့ ကမ္ဘာ့ကဗျာနေ့ အကြောင်းဆွေးနွေးချက်ကို ကိုမျိုးမြတ်သူနဲ့ ဆွေးနွေးထုတ်လွှင့်ခဲ့ တယ်။ ဒီလိုပဲ မန္တလေး FM မှာ ကိုဖီလာက အသံလွှင့်ချက် အစီအစဉ်ကို ထုတ်လွှင့်ခဲ့တယ်။

၂၀၁၀ ပြည့်နှစ်ကတော့ ကျနော်တို့ ကျယ်ကျယ် ပြန့်ပြန့်စုစည်း စီစဉ်နိုင်ခဲ့တဲ့နှစ်ပါပဲ။ ပန်းဆိုးတန်းလမ်းမကို သိမ်းပိုက်နိုင်ခဲ့တဲ့နှစ် လို့ ဆိုနိုင်ပါတယ်။ ပန်းဆိုးတန်းပြခန်းနဲ့ ပန်းဆိုးတန်းစာပေလောက ၅ တို့မှာ တပြိုင်နက် သုံးရက်တာ ကျင်းပနိုင်ခဲ့တယ်။ ကဗျာ ရက်သတ္တပတ် လို့လည်း ကျနော်တို့ ကင်ပွန်းတပ်ခဲ့တယ်။

စာအုပ်ဆိုင်၊ ပန်းချီပြခန်းဆိုတာ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ ဖြစ်တဲ့ အတွက် အဲဒီနှစ် ကမ္ဘာ့ ကဗျာနေ့ အခမ်းအနား၊ ကဗျာ ရက်သတ္တပတ် ကတော့ အဓိပ္ပာယ် ပြည့်ဝလေးနက်ပြီး အောင်မြင်ခဲ့တယ်၊ ကျင်းပခဲ့ကြတဲ့ ကဗျာဆရာတွေလည်း ကျေနပ်မှုနဲ့ အရ သာရှိခဲ့တဲ့ ပွဲလို့ဆိုနိုင်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ စုဝေးခွင့်၊ ပွဲအခမ်းအနား ကျင်းပခွင့်ကို ကျနော်တို့ ဖြစ်တဲ့နည်း၊ ရနိုင်တဲ့ ပုံစံတွေနဲ့ ရှေ့တိုးခဲ့တဲ့ ကာလတွေလို့ ဆိုနိုင်ပါတယ်။ အကန့်အသတ် အနည်းငယ် အထိအရှ ခံရတာကလွဲပြီး ကြီးကြီးမားမား အခက်အခဲတွေတော့ မကြုံရတော့ဘူး။

ဒီလိုနဲ့ ၂၀၁၁ မှာ AGMP ကဗျာအုပ်စုအနေနဲ့၊ ၂၀၁၂ မှာ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂအနေနဲ့ ပထမဆုံးပွဲ အဖြစ် ယုဒသန် ခန်းမမှာ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားတွေကို ကျနော်တို့ ဆက်တိုက်ကျင်းပ နိုင်ခဲ့တယ်။ အစီအစဉ် တွေကိုလည်း အဆင်ပြေသလို တိုးချဲ့နိုင်ခဲ့တယ်။ ပူးပေါင်းပါဝင်လာတဲ့ ကဗျာဆရာ အရေအတွက်လည်း တိုးလာခဲ့တယ်။ တနှစ်တခါ ကဗျာနဲ့ သက်ဆိုင်သူတို့ ဆုံစည်းရာ ဆိုတဲ့ ကျနော်တို့ရဲ့ ဖိတ်ကြားချက် စာသားလေးကလည်း ကမ္ဘာ့ကဗျာနေ့ အတွက် လက်စွဲ ကြွေးကြော်သံလေးသဖွယ် ဖြစ်လာခဲ့တယ်။

၂၀၁၃ ခုနှစ်မှာ ပန်းဆိုးတန်းက ပန်းဆိုးတန်းပွဲတော် (Pansodan Scene) ခန်းမမှာ သုံးရက်တာ ကျင်းပခဲ့ပြီး ၂၀၁၄ မှာတော့ သွားရလာရလည်း လွယ်၊ ပရိသတ်လည်း ပိုလာနိုင်တဲ့ ယုဒသန်ခန်းမမှာပဲ ကျနော်တို့ ပြန်ကျင်းပခဲ့တယ်။

မကြာခင်ကမှ ကျင်းပခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားရဲ့ ထူးခြားချက်ကတော့ မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂအနေနဲ့ သမဂ္ဂကဗျာ စာအုပ်ဆုကို ပထမဆုံးအဖြစ် ၂၀၁၃ ခုနှစ် အတွင်းထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ် ၁၀ဝ ခန့်ကနေ ရွေးချယ်ပေးအပ်နိုင်ခဲ့ တာပါပဲ။ ကဗျာဆရာ ၁၀၉ ဦး ပါဝင်ရေးသားထားတဲ့ “စစ်၊ ပြည်တွင်းစစ်၊ ငြိမ်းချမ်းရေးကဗျာစုများ” စာအုပ်ကို ကဗျာဆရာသမဂ္ဂ ကဗျာစာအုပ်ဆု အဖြစ် ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။

ကမ္ဘာ့ကဗျာနေ့တွေ အများပြည်သူ လာရောက် နိုင်တဲ့ နေရာတွေမှာ ကျနော်တို့ ကျင်းပခဲ့တိုင်း ပုံမှန် တွဲဖက်မြဲ ဖြစ်တဲ့ ကဗျာစာအုပ် ကောင်တာမှာလည်း ကဗျာစာအုပ် ဝယ်ယူသူတွေ စည်ကားနေတာ တွေ့ရတယ်။

အမှန်က ကမ္ဘာ့ကဗျာနေ့ ကျင်းပဖို့ အတွက် ယူနက်စကို အဖွဲ့ရဲ့ကြေညာချက်မှာ အဖွဲ့ဝင်နိုင်ငံ တိုင်းကို မတ် ၂၁ ရက်နေ့မှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကျင်းပကြဖို့ ဖိတ်ခေါ်တိုက်တွန်း ထားတာပါ။ အမျိုးသားကော်မရှင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ (ကျောင်းတွေ၊ မြူနီစပယ် အဖွဲ့အစည်းတွေ၊ ကဗျာဆရာအသိုင်းအဝိုင်းတွေ၊ ပြတိုက်တွေ၊ အသင်းအပင်းတွေ၊ ထုတ်ဝေရေး တိုက် တွေ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ စသဖြင့်) အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေက အာရုံစိုက်ပြီး ထက်ထက်သန်သန် ကျင်း ပ ကြဖို့ပါပဲ။ ဒီမှာတော့ ကျနော်တို့ ကဗျာဆရာတွေကသာ ဥစ္စာရင်လိုဥစ္စာရင်ခဲ ရနိုင်တဲ့ အခြေအနေ၊ စုစည်းလို့ ရနိုင်တဲ့ အင်အား တွေနဲ့ ကမ္ဘာ့ကဗျာနေ့တွေကို ကျင်းပခဲ့ကြတာ ၁၀ နှစ်ကျော် ၁၁ နှစ်ခရီးကို ချဉ်းနင်းခဲ့ကြပါပြီ။

ကမ္ဘာ့ကဗျာနေ့ အဖြစ် သတ်မှတ်ကျင်းပဖို့ ဆိုတဲ့ ကဗျာကို အသားပေးတဲ့ ဒီကမ္ဘာတဝန်း ဆောင်ရွက်လှုပ်ရှားမှုဟာ နိုင်ငံအဆင့်၊ ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့် ကဗျာနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေကို အသိအမှတ်ပြုဖို့နဲ့ အသစ်အသစ်သော တွန်းအားတွေ ပေးဖို့ပါပဲ။ ဒီလှုပ်ရှားဆောင်ရွက်မှုရဲ့ အဓိက ရည်မှန်းချက်ဟာ ကဗျာဆန် တဲ့၊ ကဗျာမြောက်တဲ့ ထုတ်ဖော်ချက်၊ ပြောဆိုချက်တွေက တဆင့် ဘာသာစကားမျိုးစုံ မျိုးကွဲမှုကို အထောက်အပံ့ ဖြစ်စေဖို့ ဖြစ်သင့်တယ်၊ တိမ်ကောလု တိမ်ကောဆဲ ဘာသာစကားတွေ အတွက် သူတို့ရဲ့ လူ့အဖွဲ့အစည်း အတွင်းသူတို့ ဘာသာစကားကို ထိန်းသိမ်းထားနိုင်တဲ့ အခွင့်အလမ်းတွေ ရနိုင်ဖို့လည်း ဖြစ်သင့် တယ် လို့ ယူနက်စကို ကြေညာချက်မှာ ဆိုပါတယ်။ ဒါကြောင့် ကဗျာနဲ့ သက်ဆိုင်သူလို့ ဆိုလိုက်တဲ့အခါ မြတ်နိုးတန်ဖိုးထားဖွယ် ယဉ်ကျေးမှုကို သယ်ဆောင်ထားတဲ့ ဘာသာစကားနဲ့လည်း သက်ဆိုင်သူလို့ ဆိုရမှာ ဖြစ်တော့ လူတိုင်းနဲ့လည်း သက်ဆိုင်တယ်၊ အထူးသဖြင့် မိခင်ဘာသာစကားကို အလေးအမြတ် ထားအပ်တဲ့ သူတွေနဲ့ သက်ဆိုင်တယ် လို့ ဆိုရမှာဖြစ်ပါတယ်။

လာမယ့် ကမ္ဘာ့ကဗျာနေ့တွေမှာ ကဗျာနေ့ရဲ့ တန်ဖိုး၊ ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီးရဲ့ ဆော်ဩ ကြေညာချက် အဓိပ္ပာယ် အနှစ်သာရကို ကောင်းစွာ သဘောပေါက်လက်ခံတဲ့ အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေလည်း ကဗျာဆရာတွေနဲ့အတူ ကမ္ဘာ့ ကဗျာနေ့ ကျင်းပဆင်နွှဲဖို့ ပါဝင်လာနိုင်ကောင်းရဲ့လို့ မျှော်လင့်မိပါတယ်။ ။

No comments:

Post a Comment