Saturday, May 24, 2014

ကြက်အစာစပ်စက်ရုံတွင် စက်ပြင်တရုတ်နိုင်ငံသားတစ်ဦး စက်ပြင်နေစဉ် စက်ညပ်သေဆုံး

ကျော်စိုးမိုး

မြောင်းတကာ စက်မှုဇုန်အတွင်းရှိ JAPFA COMFEED MYANMAR စပ်စက်ရုံတွင် စက်ပြင်ဆရာအဖြစ် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး စက်ပြင်နေစဉ် စက်ညပ်ပြီး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု မှော်ဘီမြို့နယ်အတွင်း မေ ၁၉ ရက်၊ နံနက် ၉ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူ မစ္စတာကျန်း(သို့မဟုတ်) ယွီချန်း (၃၁)နှစ်သည် တရုတ်နိုင်ငံ၊ Yizhen မြို့အနီးရှိ ကျေးရွာတစ်ခုမှ မြန်မာနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး စက်ရုံအတွင်းရှိ စက်တစ်လုံးအား ပြုပြင်ပြီး စမ်းသပ် မောင်းနှင်စဉ် စက်ညပ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ စက်ညပ်သွားခဲ့သဖြင့် ၀ဲနားပွန်းပဲ့ဒဏ်ရာနှင့် ယာနားအုံညိုမဲ ပွန်းပဲ့ဒဏ်ရာများရရှိကာ သတိလစ်သွားသဖြင့် JAPFA COMFEED MYANMAR ကြက်အစာစပ် စက်ရုံမန်နေဂျာ ဦးလှဖုန်းက မြောက်ဥက္ကလာ ပဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားခြင်း ဖြစ်သည်။

သေဆုံးသွားခဲ့သူ တရုတ်နိုင်ငံသား၏ အလောင်းကို မြောက်ဥက္ကလာပဆေးရုံကြီး သို့ ပို့ဆောင်ရာ PR-2 ဖြင့် လက်ခံထားပြီး မှော်ဘီမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၁၅/၂၀၁၄) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

No comments:

Post a Comment