Sunday, May 4, 2014

မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းတွင် ခရီးသည်တင်မှန်လုံကားတစ်စီး မီးလောင်

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ - ယာကြီး- ကလေးဝ ကားလမ်း ၅၂မိုင် နေရာတွင် မေလ ၂ရက် ညနေပိုင်းက မုံရွာ -ကလေးမြို့သွား ခရီးသည်တင် မှန်လုံယာဉ်တစ်စီး မီးလောင်ခဲ့သည်ဟု ကနီမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိန်အောင်က ပြောသည်။

“ကားပေါ်မှာ ဆိုင်ကယ်တင်လာတယ်။ အဲ့ဒီဆိုင်ကယ်က ဓာတ်ဆီတွေယိုစိမ့်ပြီး ကားနောက်ပိုင်းက အင်ဂျင်ပေါ်ကို ကျတယ်။ တောင်ပေါ်လမ်းဖြစ်တာကြောင့် အင်ဂျင်အပူရှိန်နဲ့ ဆိုတော့ မီးကူးဆက် လောင်သွားတာမျိုးဖြစ်ပါတယ်” ဟု ကနီမြို့မရဲစခန်းမှူး ဒုရဲမှူး စိန်အောင်က ပြောသည်။

ကားမီးလောင်ကျွမ်းသည့် နေရာသည် တောင်ပေါ်လမ်းဖြစ်သောကြောင့် ငြှိမ်းသတ်စရာ ရေမရှိသဖြင့် ကားတစ်စီးလုံး လောင်ကျွမ်းခဲ့သော်လည်း ယာဉ်ပေါ်ပါ ခရီးသည်အားလုံး အန္တရာယ်ကင်းရှင်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် ခရီးသည်တင်မှန်လုံကားမှာ မုံရွာမှ ကလေးမြို့သို့ ပြေးဆွဲလျက်ရှိသော အောင်ကမ္ဘာကားအသင်းမှဖြစ်ပြီး ယာဉ်ပေါ်၌ စီးနင်းလိုက်ပါသူ ခရီးသည် ၂၅ဦး ပါရှိသည်ဟု ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

“တောင်ပေါ်မှာဆိုတော့ မီးငြိမ်းစရာ ရေလည်းမရှိဘူး။ ဒီအတိုင်းပဲကြည့်နေလိုက်ရတာပါ။ ကားကတော့ အရိုးအတိုင်းပဲ ကျန်တော့တယ်။ ခရီးသည်အားလုံးကတော့ ဘေးလွတ်ခဲ့ပါတယ်” ဟု ယာကြီး ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ခရီးသည်တင်ကား မီးလောင်ကျွမ်းမှုကြောင့် ခရီးသည် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း ယာဉ်ပေါ်ပါ ကုန်ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို အသေးစိတ်တွက်ချက်လျက် ရှိသည်ဟု သိရှိရသည်။

No comments: