Sunday, May 4, 2014

ပြည်တွင်းသတင်းသမားများအတွက် ကျင့်ဝတ်များ စာနယ်ဇင်းကောင်စီ ထုတ်ပြန်

အေးမြင့်စန်း

ပြည်တွင်းစာနယ်ဇင်းသမားများ လေးစားလိုက်နာသင့်သည့် သတင်းမီဒီယာကျင့်ဝတ်ကို ၂၇ချက်ကို မေလ၃ရက်တွင် စာနယ်ဇင်းကောင်စီက ထုတ်ပြန်လိုက်သည်။

စာနယ်ဇင်းကောင်စီက သတင်းမီဒီယာ ကျင့်ဝတ်များကို အတည်ပြုထုတ်ပြန်သည့် အခမ်းအနားကို မေလ ၃ရက်က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

သတင်းမီဒီယာကျင့်ဝတ်တွင် စာနယ်ဇင်းသမားတိုင်း လေးစားလိုက်နာရမည့် မီဒီယာဌာနများ၏ တာဝန်ဝတ္တရားများ၊ တိကျမှု၊ ဘက်မလိုက်မှုနှင့် မျှတမှု၊ သတင်းရင်းမြစ်ကို ကာကွယ်ခြင်း၊ ကိုယ်ရေးလွတ်လပ်ခွင့်နှင့် အများပြည်သူ အကျိုးစီးပွား၊ ရာဇ၀တ်မှုများ၊ လူမှုစံနှုန်းများနှင့်ဖီလာဖြစ်သော အပြုအမူများကို ဖြစ်ပေါ်စေသည့် သတင်းပေးပို့မှုများကို ရှောင်ကြဉ်ရမည့် အချက်၊ ပြည်သူလူထုအတွင်း ဖြစ်ပေါ်နေသည့်ဆန္ဒပြမှုများနှင့် ပြည်တွင်း နိုင်ငံရေး မငြိမ်သက်မှုများကို သတင်းရေးသားရာတွင်လိုက်နာရမည့်အချက်၊ ရာဇ၀တ်မှုခင်းသတင်းများကို ရယူရာတွင် ရှောင်ကြဉ်ရမည့် အချက်များ၊ ရုပ်သံလွှင့် အစီစဉ်များခေါင်းစဉ် တပ်ခြင်းနှင့် မထုတ်လွှင့်မီ ကြိုတင်အသိပေးကြေငြာခြင်း အစရှိသည့် သတင်းသမားတိုင်း လိုက်နာရမည့် အချက်ပေါင်း ၂၇ချက်ဖြင့် သတင်းမီဒိယာကျင့်ဝတ်များကို တိကျစွာ ပြဌာန်းထုတ်ပြန်ထားသည်။

စာနယ်ဇင်းကောင်စီ(ယာယီ)၏ အဖွဲ့ဝင်ကိုဇော်သင်ထွေးက "ပြည်တွင်း စာနယ်ဇင်းများအနေဖြင့် ကျင့်ဝတ်နှင့် ညီသည့် သတင်းများ ရေးသားဖော်ပြ လာစေရန်နှင့် အစိုးရအုပ်ချုပ်ရေးပိုင်းက တရားစွဲဆိုခြင်းများရှိလာပါက သတင်းသမားများဘက်က ကျင့်ဝတ်နှင့် ညီသည့် သတင်းများရေးသားခြင်ကို ကာကွယ်တင်ပြနိုင်ရန် ဖြစ်သည်"ဟု အခမ်းအနားတွင် ပြောသည်။

၎င်းက “ သတင်းသမားတွေကို တရားစွဲဆို၊ အရေးယူတာတွေရှိလာတဲ့အခါ သတင်းသမားတွေဘက်ကလည်း ကျင့်ဝတ်နဲ့ညီတဲ့ သတင်းတွေ ရေးသားပါတယ် ဆိုတဲ့ အချက်ကို ပြောလို့ရသွားမယ်။ ကျင့်ဝတ်နဲ့ညီတဲ့ သတင်းရေးသားသူတွေကိုလည်း စာနယ်ဇင်းကောင်စီဘက်က ကာကွယ်ပေးသွားမယ်"ဟုပြောသည်။

သတင်းမီဒီယာကျင့်ဝတ်ကို စာနယ်ဇင်းကောင်စီအပါအ၀င် MJN, MJA, MJU အစရှိသည့် သတင်းမီဒီယာ အဖွဲ့စည်းများက လက်မှတ်ရေးထိုး အတည်ပြုကာ ထုတ်ပြန်ခြင်းဖြစ်ပြီး ကျင့်ဝတ်စာအုပ်ကိုလည်း ဂျာနယ်တိုက်၊ ရုပ်သံဌာနများ၊ သတင်းစာတိုက်များသို့ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

သံတော်ဆင့်ဂျာနယ်သတင်းထောက် ဦးအောင်မင်းက "သတင်းကျင့်ဝတ်တွေဆိုတာ တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ပဲ လိုက်နာခဲ့ရတယ်၊ အခုလို အတိအကျ ထုတ်ပြန်ကြေငြာလိုက်တဲ့အတွက် ကြိုဆိုပါတယ်" ဟု ပြောသည်။

ယင်းအပြင် ပြည်တွင်းရှိ သတင်းထောက်များ၊ သတင်းအယ်ဒီတာများသိရှိလိုက်နာစေရန် စာနယ်ဇင်းကောင်စီက ဇွန်လမှ စတင်ကာ သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာ သင်တန်းများပေးသွားမည်ဖြစ်သည်။

စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်ဦးကိုကိုက “ကျင့်ဝတ်ဖောက်ဖျက်ရင် ပြစ်ဒဏ်မပေးပါဘူး၊ အရေးယူတာတွေမရှိပါဘူး၊ ကျင့်ဝတ်မလိုက်နာခြင်းသည် သတင်းသမားရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးနဲ့သာ သက်ဆိုင်သွားပါလိမ့်မယ်”ဟုပြောသည်။

Centre ofLaw and Democracy မှ MR Toby Mendelက “မီဒီယာကျင့်ဝတ်ကို ထုတ်ပြန်နိုင်လိုက်ခြင်းက မြန်မာစာနယ်ဇင်းလောကရဲ့ အရေးကြီးလှတဲ့ အောင်မြင်မှုတစ်ခုလို့ မြင်ပါတယ်။ အတည်ပြု ထုတ်ပြန်ဖို့က လွယ်ကူဆုံးဖြစ်ပြီး ထုတ်ပြန်လိုက်တဲ့ ကျင့်ဝတ်ကို လေးစားလိုက်နာဖို့ ဆောင်ရွက်ရာမှာ အခက်ခဲဆုံး ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟုပြောသည်။

စာနယ်ဇင်းကောင်စီအနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလကပင်မကွေးမြို့၊ ပဲခူးမြို့၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ ရန်ကုန်တွင် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ကာ စာနယ်ဇင်းသမားများ၊ သတင်းစာဆရာများ၏ ဆွေးနွေးအကြံပြုချက်များကို ရယူ၍ သတင်းမီဒီယာကျင့်ဝတ်ကို ရေးဆွဲထုတ်ပြန်ထားခြင်းဖြစ်သည်။ အဆိုပါ သတင်းစာကျင့်ဝတ်ကို ရေးဆွဲပြဌာန်းနိုင်ရန် IMS (International Media Support) က ကူညီပံ့ပိုးပေးထားခြင်းဖြစ်သည်။

No comments:

Post a Comment