Saturday, May 3, 2014

ရခိုင်ညီလာခံမူဝါဒများ အလေးထားရန် သူရရွှေမန်း တိုက်တွန်း

မောင်သင်တုန်း၊ ကေဇူး

ရခိုင်အမျိုးသားညီလာခံ ချမှတ်လိုက်သည့် မူဝါဒများနှင့် ဆုံးဖြတ်ချက်များသည် ပြည့်စုံကောင်းမွန်သဖြင့် အစိုးရအဖွဲ့တာဝန်ရှိသူများက အလေးဂရုပြု ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ်တော် နာယကဦးရွှေမန်းက ညီလာခံပိတ်ပွဲအခမ်းအနားတွင် ပြောကြားလိုက်သည်။

ညီလာခံကဖော်ထုတ်လိုက်တဲ့ မူဝါဒဆုံးဖြတ်ချက်တွေက ကောင်းမွန်ပြည့်စုံတဲ့အတွက် သက်ဆိုင်ရာတာ ၀န်ရှိသူအသီးသီးက တင်ပြချက်များအပေါ် အလေးထားဆုံးဖြတ် စဉ်းစားသုံးသပ် ဆောင်ရွက်ဖို့လိုတယ် ဟု ပြောချင်ပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်အမျိုးသားညီလာခံ ငါးရက်မြောက်နေ့တွင် မူဝါဒအချို့နှင့် တောင်းဆိုချက်များ ထုတ်ပြန်သည်။


နိုင်ငံရေး

ပြည်နယ်ဝန်ကြီးချူပ်ကို တိုင်းနှင့်ပြည်နယ်လွှတ်တော်များက အတည်ပြုပြီး တင်မြှောက်ခွင့်ပြုသွားရန် တောင်းဆိုချက်လည်း ပါဝင်သည်။

ထို့ပြင် တိုင်းပြည်နယ်အောက်တွင် တာဝန်ထမ်းဆောင်သည့် ရဲတပ်ဖွဲ့များကို ပြည်နယ်ဝန်ကြီးချုပ် အောက်တွင် အုပ်ချုပ်ခွင့်ပြုရန်ကိုလည်း ညီလာခံက တောင်းဆိုခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

“ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဥပမာ စာရင်းစစ်ချုပ် ဥပဒေချုပ်အဖွဲ့များရဲ့ ကိုယ်တာ သတ်မှတ်ပေးရေးကိုလည်း ညီလာခံက တစ်ဆင့် တောင်းဆိုထားပါတယ်”ဟု ရခိုင်ညီလာခံက ချမှတ်လိုက်သော မူဝါဒဆုံး ဖြတ်ချက်များကို အကျဉ်းချုပ်ရှင်းပြရာတွင် ၎င်းက ပြောသည်။

တိုင်းနှင့်ပြည်နယ်တို့၏ လုပ်ပိုင်ခွင့်များ ပိုမိုချဲ့ပေးပြီး ပြည်ထောင်စုအစိုးရအဖွဲ့တွင် တိုင်းရင်းသား ကိုယ်စားလှယ်များ ပိုမိုပါဝင်လာနိုင်ရန် ညီလာခံက မူဝါဒချမှတ်ကာ ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

တရားစီရင်ရေးတွင်လည်း ခရိုင်၊ မြို့နယ်များတွင် ပြည်သူလူထုပါဝင်သောစနစ်ဖြင့် ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။


စီးပွားရေး

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်မှထွက်ရှိသည့် သယံဇာတများမှ ရသင့်ရထိုက်သည် များကို ဥပဒေပြု၍ ခွဲဝေပေးရန် တောင်းဆိုလိုက်သည်။

“ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ဆေးရွက်ကြီး၊ စပါး၊ ငါးများကို ပြည်ထောင်စု ကုန်သွယ်ရေးဝန်ကြီးဌာနကို ခွင့်ပြုချက်မတောင်းဘဲ ပြည်ပတင်ပို့ခွင့်ပြုရန်။ သက်ဆိုင်ရာ ပြည်နယ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြု ချက်ဖြင့် ပို့ဆောင်ခွင့်ပေးရန်အတွက်လည်း မူဝါဒတစ်ခုအနေဖြင့် တောင်းဆိုထားပါတယ်”ဟု ဦးဇော် အေးမောင်က ပြောသည်။

မြေလွတ်မြေရိုင်းများတွင် စိုက်ပျိုးမြေများ အသစ်ဖော်ထုတ် ဆောင်ရွက်ပေးပြီး ကုန်သည်များက စပါးများ ထွက်ရှိချိန်တွင် ဈေးနှုန်းများနှိမ်ဝယ်ယူကာ လယ်သမား စပါးမရှိသည့်အချိန်ရောက်လျှင် ဈေးကစားခြင်းပြု လုပ်မှုများကိုလည်း ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုသည်။

ထို့ပြင် ပင်လယ်ပြင်လုံခြုံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်စေလိုသည်ဟု ပြောသည်။ ထိုသို့ မဆောင် ရွက်ပေးသည့်အတွက် ရခိုင်တိုင်းရင်သားများသည် ကမ်းခြေမှ တစ်မိုင်ဝန်းကျင်အထိသာ ငါးဖမ်းခြင်းလုပ် ငန်း ဆောင်ရွက်နေရပြီး ယင်းထက်ကျော်လွန်မိပါက ဘင်္ဂါလီများ၏ နှောက်ယှက်ခြင်းခံရသည်ဟု ဆို သည်။

ထို့ပြင် ကမ်းနီးငါးဖမ်းခြင်းလုပ်ငန်းများတွင် တရားမ၀င် သင်္ဘောများဝင်ရောက်၍ ပင်လယ်ကြမ်းပြင်အထိ ပိုက်စိပ်တိုက် ဖမ်းသဖြင့် ငါးမျိုးရှားပါးလာခြင်းကိုလည်း ထိန်းသိမ်းဆောင်ရွက်ပေးရန် ပြောသည်။


NGO, INGO

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် NGO ၊ INGO အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည်ဟု ဆိုသည်။

“ရပ်မိရပ်ဖများပါဝင်တဲ့ မြို့နယ်အလိုက် အမိန့်တွေကို ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်သွားရင် ဖွံ့ဖြိုးတိုး တက်သွားမယ်။ မကောင်းတဲ့အဖွဲ့အစည်းတွေကို စကာ စစ်ပြီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်ရ မယ်”ဟု ဦးဇော်အေးမောင်က ပြောသည်။

ရခိုင်တိုင်းရင်းသားများကလည်း NGO၊ INGO အဖွဲ့အစည်းများကို ကြိုဆိုရန်လိုအပ်ပြီး ပူပေါင်းဆောင် ရွက်ရမည်ဟု ညီလာခံက ဆိုသည်။

NGO ၊ INGO တို့ကို ခွဲခြားဆက်ဆံမှုများ မပြုနိုင်ရန် သက်ဆိုင်ရာ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့ အစည်းများက ဥပဒေနည်းဥပဒေများ ပြဋ္ဌာန်းပေးရန်ကိုလည်း ညီလာခံက တောင်းဆိုထားသည်။

ဥပဒေများနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “လွှတ်တော်မှာ တာဝန်အရှိဆုံးလူ တစ်ယောက်အနေနဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ကတိပေးပြောကြားလိုပါတယ်”ဟု ညီလာခံပိတ်ပွဲအ ခမ်းအနားတွင် ပြောသည်။


ပညာရေး

ရခိုင်ပြည်နယ်တွင် ပညာရေးနိမ့်ပါးသည့် အဓိကအကြောင်းအရင်းမှာ အရည်အသွေးပြည့်မီသော ဆရာ ဆရာမများ နည်းခြင်း၊ မူလတန်းမှအထက်တန်းကျောင်းအထိ စာသင်ကျောင်းများ လုံလောက်စွာ မရှိခြင်း ကြောင့် ဖြစ်သည်ဟု ညီလာခံတွင် ဆုံးဖြတ်ထားကြသည်။

“ကျောက်ဖြူမြို့နယ်ကို အသုံးလုံးသင်ကြားရေးနှင့် လေ့လာရေးအတွက် လွှတ်တဲ့အခါ အသက် ၁၅ နှစ် ၀န်းကျင် ကလေးတွေ စာလုံးဝသင်ကြားဖူးခြင်းမရှိသည်ကို တွေ့ရတယ်။ အဲဒီလောက်ထိ နိမ့်ကြနေပါ တယ်”ဟု ဦးဇော်အေးမောင်က ပြောသည်။

ရခိုင်တိုင်းရင်းသားများမှာ ဆယ်တန်းအမှတ်စာရင်းများ နိမ့်ကျသည့်အတွက် ဆေးကျောင်းတက်ခွင့်မရရှိ သလို သွားဆရာဝန်၊ စက်မှုတက္ကသိုလ်များ၊ ဗိုလ်လောင်းသင်တန်းများ တက်ရောက်ခွင့် နည်းသည်ဟု ဆိုသည်။

အဆိုပါတက္ကသိုလ်များ တက်ရောက်ခွင့်ရရှိရန်အတွက် တစ်နှစ်လျှင် ပြည်နယ်သားမည်မျှ တက်ခွင့်ပြုမည် ဟူ၍ သတ်မှတ်ဆောင်ရွက်ပေးရန် ညီလာခံက တောင်းဆိုလိုက်သည်။


တောင်းဆိုချက်များ

နိုင်ငံရေးမူဝါဒလေးခု၊ ငြိမ်ချမ်းရေးမူဝါဒ ရှစ်ခု၊ တည်ငြိမ်အေးချမ်းရေးမူဝါဒ ရှစ်ခု၊ ပြည်နယ်အစိုးရနှင့်ပတ် သက်သည့် မူဝါဒ ရှစ်ခု၊ နိုင်ငံဖြစ်ရေးနှင့်ပတ်သက်သည့် မူဝါဒလေးခု၊ မူးယစ်ဆေးဝါးနှင်ပတ်သက်သည့် မူဝါဒ ၁၈ ခုနှင့် လူမှုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ EIA၊ SIA ပတ်သက်သည့် မူဝါဒများကို ညီလာခံ လေးရက်အပြီးတွင် အကြမ်းအားဖြင့် သတ်မှတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ)ကို ဧပြီ ၂၇ ရက်ကစပြီး မေလ ၁ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး၊ ပြည် တွင်းပြည်ပ အဖွဲ့အစည်းများ၊ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ မြို့နယ်ကိုယ်စားလှယ်များ၊ အစိုးရအ ဖွဲ့အစည်းများ၊ NGO၊ INGO အဖွဲ့များ တက်ရောက် ဆွေးနွေးကြသည်။

No comments: