Saturday, May 3, 2014

မူဆယ်ဇုန်တွင် တရားမ၀င်ကုန်ပစ္စည်း ကျပ်သိန်းပေါင်း ကိုးထောင်ကျော်ဖိုး ဖမ်းဆီးရမိ

မို့မို့သန္တာ

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုများပြုလုပ်သည့် မူဆယ်ကုန်သွယ်ရေးဇုန်တွင် ဧပြီလအတွင်း တရား မ၀င်ကုန် ပစ္စည်းဖမ်းဆီးရမိမှုမှာ တန်ဘိုးမှာ ကျပ်သိန်းပေါင်း ၉,၇၀၀ ကျော်ရှိခဲ့သည်ဟု မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရားမ၀င်ကုန်ပစ္စည်း တားဆီးထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

တရားမ၀င် ကုန်သွယ်မှုများကို လျော့ကျမှုများရှိရန်အတွက် တရားမ၀င်ကုန်စည် တားဆီးထိန်းချုပ်ရေး ကော်မတီမှ တားဆီး ထိန်းချုပ်မှုများ ပြုလုပ်နေသော်လည်း တရားမ၀င် ကုန်ပစ္စည်းသယ်ဆောင်မှုများ ရှိနေ ခြင်းကြောင့် တားဆီးထိန်းချုပ်ခြင်းများကို ဆက်လက် ပြုလုပ်နေရခြင်း ဖြစ်သည်ဟုလည်း အထက်ပါ တာ ၀န်ရှိသူက ပြောသည်။

“ ဖမ်းဆီးရမိတာ အများဆုံးကတော့ တမလန်းသစ်နဲ့ ကျောက်စိမ်းတွေဖြစ်တယ်။တရားမ၀င် သယ်ဆောင်မှုတွေကို တားဆီးဖို့ကတော့ ကုန်သွယ်မှုရှိတဲ့နေရာတွေမှာ တရားမ၀င်ကုန်ပစ္စည်း တားဆီးထိန်းချုပ်ရေး အဖွဲ့တွေကို ထားရှိပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

မူဆယ်ကုန်သွယ်ရေးဇုန်တွင် အောက်တိုဘာလမှ မတ်လအတွင်း တရားမ၀င်ကုန်ပစ္စည်း တားဆီးထိန်း ချုပ်ရေးအဖွဲ့မှ ကျပ်သိန်းပေါင်း ၄၉,၀၀၀ ကျော် ဖမ်းဆီးရမိပြီး ပို့ကုန်အနေဖြင့် သစ်နှင့် ကျောက်များကို ဖမ်း ဆီးရမိပြီး သွင်းကုန်အနေဖြင့် စက်ပစ္စည်းများ၊လူသုံးကုန်များ ဖမ်းဆီးရမိခဲ့ကြောင်း ဖမ်းဆီးရေးအဖွဲ့တာဝန် ရှိသူတစ်ဦးက ပြောသည်။

မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်သွယ်မှုပြုလုပ်သည့် ဦးဇော်မိုးက “ကုန်သွယ်မှုက တရားမ၀င်ရော တရားဝင်ရော ပြည်တွင်းထဲကို ၀င်ရောက်နေတာပဲ။ မှောင်ခိုပျောက်သွားတာ မရှိဘူး”ဟုပြောသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍ တရားမ၀င် ကုန်ပစ္စည်းများကို တားဆီးလျက်ရှိသည်။

No comments: