Saturday, May 24, 2014

ရွေးကောက်ပွဲနည်းဥပဒေ လိုက်နာမှုမရှိက တိတိကျကျအရေးယူရမည်ဟု တစည ပါတီပြော

ရွှေရည်ဝင်းထက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့ ပေးပို့ထားသော ရွေးကောက်ပွဲနည်းဥပဒေမူကြမ်းပါ အချက်အလက်များ လိုက်နာမှုမရှိလျှင် တိကျသောအရေးယူမှုပြုလုပ်ရန် တစည ပါတီမှ ကော်မရှင်ထံသို့ အကြံပြုစာပေးပို့ထားသည်ဟု ယင်းပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းရီက မေ ၂၂ရက်တွင် မဇ္ဈိမကို ပြောသည်။

“တကယ်လိုက်နာမှု ရှိ၊ မရှိ ကော်မရှင်က စိစစ်ပြီး မလိုက်နာဘူးဆိုရင် ကော်မရှင်က ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့ အကြံပြုထားတယ်။ တကယ်လို့ လိုက်နာမှုမရှိဘူး။ ကော်မရှင်ကလည်း အရေးယူမှု မရှိရင် ဥပဒေအရ သက်ရောက်မှု အာနည်းတယ်” ဟု ပြောသည်။

မေလ ၁၅ ရက်တွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့တွေ့ဆုံစဉ် အဆိုပါ နည်းဥပဒေမူကြမ်းကို နိုင်ငံရေးပါတီများထံသို့ ပေးပို့ပြီးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှစ်ခုသာ ရွေးကောက်ပွဲကော်မရှင်သို့ အကြံပြုစာပြန်ပေးပို့ထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်ဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆိုသည်။

အကြံပြုစာမပေးပို့ရသေးသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “နည်းဥပဒေအရ ပယ်ဖျက်သင့်တာ ပယ်ဖျက်ဖို့ အကြံပြုမယ်။ ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မကျင်းပမီ (၁၅)ရက်အလို မဲရုံတိုင်းကို ပေးပို့ဖို့ အကြံပြုမယ် ”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အနေဖြင့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးရန် တင်ပြမည်ဟုလည်း ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ရေးဆွဲထားသော ရွေးကောက်ပွဲဆိုင်ရာနည်း ဥပဒေတွင် ကိုယ်စားလှယ်မှတ်ပုံတင်ကြေးသုံးသိန်း လျှော့ချထားသည့်အချက်အပါအ၀င် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်များမှ နိုင်သူများနှင့် မဲရာခိုင်နှုန်း၏ ရှစ်ပုံပုံလျှင် သုံးပုံရသူများကို ကိုယ်စားလှယ်မှတ် ပုံတင်ကြေး ငွေပြန်ပေးပြီး ကျန်ရှိသည်ကို နိုင်ငံဘဏ္ဍာ အဖြစ်ထားရန်၊ ကြိုတင်မဲရေတွက်သည့်အခါတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများအပြင် ပြည်တွင်းပြည်ပ အရပ်ဘက် လူ့အဖွဲ့စည်းများကိုပါ မဲရေတွက်ချိန် ကြည့်ရှုလေ့လာနိုင်ရန် ထည့်သွင်းထားသည်ဟု ဦးသောင်းလှိုင်က ဆိုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြင်ဆင်ထားသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေကို အချောသတ်ပြီးလျှင် လွှတ်တော်သို့ပေးပို့ကာ အတည်ပြုချက်ရ ယူရမည်ဖြစ်သည်။

No comments: