ဆန်းဖြိုးထွန်း
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၇) ထိန်းချုပ်ရာနယ်မြေများဖြစ်သည့် မော်ဖိုးကေနှင့် မဲ့သရစ် ဒေသများတွင် တန်ဖိုးနည်းအိမ်ရာ အလုံး ၁၀၀ ဆောက်လုပ်မည်ဟု တပ်မဟာ ၇ စီးပွားရေး တာဝန်ခံ စောမိုးစက်က ပြောသည်။
အိမ်ရာများဆောက်လုပ်ရန် ပြည်ထောင်စု အစိုးရက ကျပ်ငွေ သိန်းငါးထောင် ချထားပေးပြီး တပ်မဟာ ၇ က တာဝန်ယူအကောင်အထည်ဖောက်ဆောက်လုပ်ခြင်းဖြစ်ကာ အိမ်တစ်လုံးလျင် ငွေကျပ် သိန်းငါးဆယ်တန်ဖိုးရှိမည်ဖြစ်သည်။
KNU နှင့် အစိုးရတို့အကြား ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် ကနဦး စီမံကိန်းအနေဖြင့် ဆောက်လုပ်ခြင်းဖြစ်သည်။
ထပ်ပြီးတိုး ချဲ့လာမှာပါ အိမ်အလုံး ၅၀၀ လည်းဖြစ်သွားနိုင်မှာပါ ၊ဒီနှစ်ဘားဂျက်ကတော့ ဒီလောက်ပဲ ဆောက်နိုင်ပါတယ် ˝ ဟု KNU တပ်မဟာ ၇ စီးပွားရေးတာဝန်ခံ စောမိုးစက် ကပြေားသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင်းတည်ရှိသည့် အဆိုပါ တန်ဖိုးနည်းအိမ်ရာနှစ်ခု၌ တိုက်ပွဲတွင် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သည့် KNU တပ်ဖွဲ့ဝင်များကို ဦးစားပေးနေရာချထားပေးမည်ဖြစ်သည်။
KNU ကနေပြီးတော့ ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့သူတွေကို ၁ အချက် ဦးစားပေးပါမယ်။ ပြီးတော့ ဒုတိယအသုတ် အနေနဲ့ refugee (ဒုက္ခသည်) တွေကိုခေါ်ပါမယ်˝ဟုစောမိုးစက်က ပြောသည်။
ကရင် ဒုက္ခသည်ရေးရာကော်မတီ KRC က စိစစ်ရွေးချယ်ထားသည့် ဒုက္ခသည်များကို တန်ဖိုးနည်းအိမ်ရာများတွင် နေထိုင်ခွင့်ပေးသွားမည်ဖြစ်သည်။
ဧပြီလ ၁ ရက်မှ စ၍ လက်သမား အယောက် ၈၀ နှင့်အတူ KNU တပ်ဖွဲ့ဝင်များက ဆောက်လုပ် လျက်ရှိပြီး မေလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်။
ပေ ၂၀၀ x ၁၀၀ အကျယ်အ၀န်းရှိ မြေကွက်တွင် သွပ်မိုး ပျဉ်ထောင်အိမ်အမျိုး အစားဖြစ်သည်။
တန်ဖိုးနည်းအိမ်ရာဆောက်လုပ်မည့် မဲ့သရစ်ဒေသမှာ KNU တပ်မဟာ (၇) ၏ ဌာနချုပ်ဖြစ်ပြီး၊ မော်ဖိုးကေဒေသမှာ ယခင်က တိုက်ပွဲများ မကြာခဏဖြစ် ပွားခဲ့သေားနေရာများကြောင်း စောမိုးဇက် ကပြောသည်။
ပြည်တွင်းစစ်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်၍ ဒုက္ခသည် စခန်းများတွင် နေထိုင်ကြသူ ပေါင်း ၁၃၂၀၀၀ ကျော်ရှိပြီး ထိုင်းမြန်မာနယ်စပ်တလျှောက် စခန်းပေါင်း ၉ ခုရှိသည်ဟု ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလထုတ် ကရင်ဒုက္ခသည် ကော်မတီ KRC ၏ မှတ်တမ်းအရ သိရှိရသည်။

No comments:
Post a Comment