ဖနိဒါ
မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးခံထားရသူ ဦးအိုက်ကျိမ်း(ခေါ်)ဦးစိုက်အိုက်ကို ကျိုင်းတုံမြို့နယ် တရားရုံးတွင် မေလ ၂၂ ရက်က စတင် စစ်ဆေးခဲ့ပြီး ဇွန်လ ၂ရက်တွင် ရုံးချိန်း ပြန်ချိန်းလိုက်သည်ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ရှမ်းပြည်နယ်အရှေ့ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးစိုင်းလုံက မဇ္ဈိမကို ပြောသည်။
ဦးအိုက်ကျိမ်းကို မေလ ၂၂ရက် နေ့လည် ၂နာရီတွင် ရုံးထုတ်ပြီး ကျိုင်းတုံမြို့နယ် တရားသူကြီး ဒေါ်မာမာစိုး က စစ်ဆေးမေးမြန်းခဲ့သည်။ ၎င်းကို ဇွန်လ ၂ရက်တွင် ရုံးချိန်းပေးလိုက်ကာ ထိုနေ့တွင် တရားလို စခန်းမှူး ဦးကျော်ထွန်းဝင်းကို စစ်ဆေးသွားမည်ဟု ဦးစိုင်းလုံက ဆိုသည်။
“၂ နာရီမှာ ရုံးထုတ်လာပြီးတော့မှ တရားသူကြီးကနေ ဦးအိုက်ကျိမ်း ခင်ဗျားကို ၁၇(၁) ဥပဒေအရ တရားစွဲတယ်။ ခင်ဗျားသိပါ သလားဆိုပြီးမေးတယ်။ သူကလည်း သိပါတယ်။ သိတယ် ဆိုရင် ခင်ဗျားဘက်က ရှေ့နေတွေ ခေါ်ဖို့ လိုတယ်ဆိုပြီးတော့ ရုံးချိန်းပြန်ပေးလိုက်တယ်”ဟု ဦးစိုင်းလုံက ပြောသည်။
ပြီးခဲ့သည့် မေလ ၅ ရက်က SNLD ပါတီမှ ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ကျေးရွာ၏ တာဝန်ခံ ဦးအိုက်ကျိမ်းကို စစ်တပ်က ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် ဆက်သွယ်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ပြီး ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်သည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိစ္စရပ်များ လုပ်ဆောင်နေချိန်ဖြစ်ပြီး ၁၇(၁) ဥပဒေသည် မရှိသင့်တော့ဘဲ ဦးအိုက်ကျိမ်းအား တရားစွဲဆိုထားမှုများလည်း မဖြစ်သင့်ဟု ဦးစိုင်းလုံက ပြောသည်။
“မတရားအသင်း ကြေငြာထားတဲ့ တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းက တို့နယ်မှာမှ မရှိတာ။ RCSS/SSA က မြို့ထဲမှာ တရားဝင် ရုံးထိုင်ပြီး နေနေတာလေ။ ဌာနဆိုင်ရာ အားလုံးနဲ့ ဆက်ဆံနေတာလေ။ မတရားအသင်း ကြေငြာထားရင် တို့က ဘယ်ဆက်ဆံမှာလဲ”ဟု သူက ပြောသည်။
မေ ၂၂ရက် ရုံးချိန်းတွင် SNLD ပါတီ၏ တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်မြို့နယ် စည်းရုံးရေးမှူးများ လာရောက်ပြီး ဦးအိုင်ကျိမ်း၏ မိသားစုကို လယ်လုပ်စရိတ် ကျပ် ၂ သိန်း ထောက်ပံ့ပေးခဲ့သည်ဟု သူက ဆက်ပြောသည်။
ဦးအိုက်ကျိမ်းကို ဖမ်းဆီးသွားစဉ် ခလရ ၂၄၅ တပ်ဖွဲ့များက ရိုက်နှိက်မှုများ ပြုလုပ်ခဲ့သဖြင့် လက်ရှိ ဦးအိုက်ကျိမ်းသည် ခေါင်းမှုခြင်း၊ အားလျှော့သည့် ဝေဒနာ ခံစားနေရသဖြင့် ထောင်အာဏာပိုင်များထံ ဆေးကုသခွင့်တောင်းဆိုရန် စီစဉ်နေသည်ဟု ဦးစိုင်းလုံက ပြောသည်။
ဦးအိုက်ကျိမ်း၏ အမှုအတွက် ရှေ့နေ ဦးစိုင်းငင်းနှင့် မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်မှ ရှေ့နေ ဦးအောင်သိန်းတို့က ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။
မေလ ၁၆ ရက်က သမ္မတ ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ထံ ဖမ်းဆီးခံထားရသူ ဦးအိုက်ကျိမ်းနှင့် ပတ်သက်၍ ကူညီဖြေပေးရန် စာပေးပို့ခဲ့သော်လည်း ယနေ့အထိ အကြောင်းပြန်ကြားမှု မရှိဟု ရှမ်းအမျိုးသား ဒီမိုကရက်ရေစီအဖွဲ့ချုပ် (SNLD)မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က မဇ္ဈိမကို ပြောသည်။
ဦးအိုက်ကျိမ်း ဆက်သွယ်ခဲ့သည်ဟု ဆိုသော RCSS/SSA သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် ပြည်ထောင်စုအဆင့်အထိ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားသော အဖွဲ့ဖြစ်ပြီး အစိုးရနှင့် ပထမဆုံး အပစ်ရပ် လက်မှတ်ထိုးခဲ့သော အဖွဲ့လည်းဖြစ်သည်။
No comments:
Post a Comment