Saturday, May 24, 2014

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာပါက Web Developer များအတွက် အလုပ်အကိုင်ပိုမိုရရှိမည်

မောင်မန်း

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက ပြည်တွင်း Web Developer များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး ပြည်တွင်းပညာရှင်လူငယ်များအနေဖြင့် ပြည်တွင်း ပြည်ပလုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရန်အတွက် နည်းပညာရပ်များကို ပိုမိုလေ့လာပြီး ကိုယ်ပိုင်အရည်အသွေးများ မြှင့်တင်နေသင့်သည်ဟု Web Developer ဘာသာရပ်များ သင်ကြားပေးနေသည့် Myanmar Link မှ အမှုဆောင်အရာရှိချုပ် ဦးစိုးသီဟနောင်က မဇ္ဈိမကို ပြောသည်။

ဦးစိုးသီဟနောင်က“အခုဆိုရင် ဂျပန်လိုနိုင်ငံမျိုးတွေက ဒီမှာရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာပါပြီ။ ဒီအချိန်မှာ ပြည်တွင်းက Web Developer တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမှာပါ”ဟုဆို သည်။

လက်ရှိအချိန်တွင် ပြည်တွင်းWeb Developer များအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်ရန် အခက်အခဲများရှိနေပြီး ပူးပေါင်းလုပ်ဆောင်နိုင်မှုပိုင်းတွင် အားနည်းချက်များရှိနေသည်ဟုလည်း ဦးစိုးသီဟနောင်က သုံးသပ်သည်။

၎င်းက “ပြည်တွင်းက လူငယ်တွေအနေနဲ့ သူများအလုပ်မှာ သွားလုပ်တယ်ဆိုရင် အတိုင်းအတာ တစ်ခုအထိ ရပ်တည်နိုင်ပါတယ်။ ကိုယ်ပိုင်ထူထောင်ဖို့ကြတော့ နည်းပညာနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံးလိုအပ်ချက်တွေ စသည်ဖြင့် အခက်အခဲတွေ ရှိပါတယ်။ လူငယ်ပညာရှင်တွေအချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေပါတယ်”ဟု ဆိုသည်။

ပြည်တွင်းပညာရှင် လူငယ်များအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်ရန်အတွက် အင်တာနက်လိုအပ်ချက်သည် အခက်အခဲတစ်ခုအဖြစ်ရှိနေပြီး စတင်လေ့လာသူများအတွက်လည်း လိုအပ်ချက်တစ်ခုဖြစ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဝေလင်းထွန်းက မဇ္ဈိမကို ပြောသည်။

ဦးဝေလင်းထွန်းက“ကိုယ်ပိုင်လုပ်ငန်းစလုပ်မယ့် ပညာရှင်လူငယ်တွေအတွက် အင်တာနက် လိုအပ်ချက်က အခက်အခဲတစ်ခုဖြစ်နေတယ်။ စတင်သုံးဖို့ကုန်မယ့် ပမာဏက များတယ်။ လေ့လာဖို့အတွက်ဆိုလည်း အင်တာနက်က မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့အတွက် အင်တာနက်ကောင်းဖို့ လိုအပ်ပါတယ်”ဟု ဆိုသည်။

ပြည်တွင်းရှိ ပညာရှင်လူငယ်များအနေဖြင့် နည်းပညာအပေါ် လေ့လာခြင်းကို ပိုမိုအားစိုက်နေပြီး လက်တွေ့ဖြေရှင်းရမည့် လိုအပ်ချက်များကို ဂရုပြုရန်လိုအပ်သည်ဟု ဦးဝေလင်းထွန်းက သုံးသပ်သည်။

၎င်းက“နည်းပညာတွေက အများကြီးရှိတယ်။ ဘယ်ဟာကို သုံးသုံးရပါတယ်။ ဘယ်လိုဖန်တီးမယ်၊ ပြဿနာတွေ ဘယ်လိုဖြေရှင်းမယ်၊ Data တွေကို ဘယ်လို ထိန်းသိမ်းမယ်ဆိုတာမျိုးတွေက ပိုပြီးအရေးကြီးပါတယ်။ အပြင်စာတွေ များများဖတ်ဖို့လိုပါတယ်”ဟု ပြောသည်။

ပြည်တွင်းပညာရှင် လူငယ်များအနေဖြင့်Web Developer တစ်ဦးအဖြစ် ရပ်တည်နိုင်ရန်အတွက် ပြည်တွင်း ပြည်ပကုမ္ပဏီများ၏ လိုအပ်ချက်အပေါ်မူတည်နေပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဝင်လာသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုကောင်းလာပြီ ဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။

No comments:

Post a Comment